Monday, July 31, 2023

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၇/၂၀၂၃ ကြိမ်မြောက် အစည်းအဝေး တက်ရောက်

 


မုံရွာ ဇူလိုင် ၃၁

 စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၇/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေး မှူးနှင့်အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင်များ ဖြစ်ကြသည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက် ခြင်း၏ရလဒ်အဖြစ် ဟိုတယ်လုပ်ငန်းဆိုင်ရာ ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်၍ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းများအား ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ဒေသတွင်းထပ်မံလည်ပတ်နိုင်မည့် သဘာဝအခြေခံခရီးသွား နေရာအသစ်များ တိုးချဲ့ဖော်ဆောင်နိုင်ရေးအတွက် နာဂဒေသအပါဝင်ခရီးသွားနေရာသစ်များသို့ သွားရောက်လေ့လာပြီး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများဖော်ထုတ်ကာ ဒေသထွက်လက်မှုပစ္စည်း အမှတ်တရလက်ဆောင်များထုတ်လုပ်မှု One Village ၊ One Product လုပ်ငန်းများ ကိုပါတစ်ပါတည်း တိုးချဲ့လုပ်ကိုင်သွားကြရန်လိုအပ်ပြီး အဆိုပါခရီးစဉ်ဒေသသစ်များနှင့် လက်မှုပစ္စည်းထုတ်လုပ်မှုများအား ခရီးသွားပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရုပ်မြင်သံကြားအစီအစဉ်များတွင် ရိုက်ကူးထုတ်လွှင့်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊  

မိမိတို့တိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများထဲတွင် သွားလာလည်ပတ်စရာ ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှအပများ၊ ရှေးဟောင်းအမွေအနှစ်များ၊ ဘာသာရေး ရိုးရာယဉ်ကျေးမှုနှင့်စိတ်ဝင်စားစရာ ခရီးစဉ်ဒေသအများအပြား ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းဖြစ်သည့် ဟိုတယ်/တည်းခိုရိပ်သာ၊ သယ်ယူပို့ဆောင်ရေး၊ ဒေသထွက်ကုန် အရောင်းဆိုင်များအပါအဝင် ဒေသဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သည့်အတွက် ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးမြင့်စိန်က ခရီးသွားလုပ်ငန်း ကော်မတီ ၆/၂၀၂၃ ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်း လင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းပန်းဆက် သွယ်ရေး၊ လုံခြုံရေးအခြေအနေများနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊

(ပြန်/ဆက်)

No comments:

Post a Comment