နေပြည်တော် ဇူလိုင် ၇
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို)က ကျင်းပသည့် (၁၃)ကြိမ် မြောက်သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့ နံနက်၉နာရီခွဲတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ Plenary Hall ၌ ကျင်းပ သည်။
အဆိုပါ ကန်တော့ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးရဲတင့်၊
ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဦးမြင့်စိုး၊ ဒေါက်တာစိုးဝင်း၊ ပြည်သူ့ဆက်ဆံရေးနှင့်
စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊
ကန်တော့ခံသက်ကြီးဟာသပညာရှင်များ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး (ဗဟို)မှ
နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ
ဟာသပညာရှင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)မှ
အဖွဲ့ဝင်များက အစည်းအရုံး (ဗဟို) ၏ Theme Song ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့အခမ်းအနားသည်
ဗုဒ္ဓဘာသာအယူအဆအရ မိမိတို့အားအတတ်ပညာရပ်များ သင်ကြားပေးခဲ့သည့် သက်ကြီးဆရာများကိုရိုသေစွာရှိခိုးပူဇော်
ကန်တော့သည့်အခမ်းအနား ဖြစ်သည့်အတွက်များစွာမင်္ဂလာကျက်သရေဖြင့်
ပြည့်စုံလှပါကြောင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်လောကတွင် ဟာသပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း
အဓိကနေရာတွင် ပါဝင်လျက်ရှိပြီး အနုပညာလောကပိုမို တောက်ပစေရန်
ဆောင်ရွက်ပေးလျက်ရှိကြ ပါကြောင်း၊
ယနေ့မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)သည် သာမန်ဖြစ် ပေါ်လာခြင်းမဟုတ်ဘဲ
နိုင်ငံတော်ကအလေးထားရပြီး ပြည်သူများကို အလုပ်အကျွေး ပြုမည့် အနုပညာရှင်အင်အားတစ်ရပ်အဖြစ်ရည်ရွယ်၍
ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း။ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း
အနုပညာရှင်များကိုအလေးထား၍ အနုပညာ လောကတိုးတက်စေရန်အတွက်
များစွာဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိအနေဖြင့်လည်း အနုပညာရှင်များအတွက်
အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အနုပညာရှင်များအနေဖြင့်လည်း
ဖြူစင်ရိုးသားသည့်စိတ်ထားဖြင့် ပြည်သူများ ပြုံးပျော်ရွှင်နိုင်စေရန်
ပေးဆပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ အနုပညာရှင်များသည် နိုင်ငံတော်၏အခက်အခဲနှင့်
သဘာဝဘေးများဖြစ်ပေါ်သည့်အချိန်တိုင်းတွင် နိုင်ငံတော်အစိုးရနှင့်ပူးပေါင်း၍
အခက်အခဲများကို အတူတကွရင်ဆိုင်ကျော်လွှား ဆောင်ရွက်နိုင် ခဲ့သည်မှာလည်း
အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အနုပညာရှင်များအနေဖြင့်
မိမိတို့တတ်စွမ်းသည့်ပညာရပ်ဖြင့် နိုင်ငံ့အရေးနှင့်ပြည်သူများအတွက် ဆက်လက်စွမ်းဆောင်ပေးစေလိုကြောင်း၊
ပြည်သူများ၏ဘဝအမောများကို ဖြေသိမ့်ပေး၍ ပြုံးပျော်ရွှင်စေသူများမှာ
ဟာသပညာရှင်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဟာသပညာရှင်များအနေဖြင့် အနာဂတ်တွင်ပြည်သူများ
ပျော်ရွှင်စေရန် အနုပညာစွမ်းအားဖြင့် ဆောင်ရွက်ပေးစေလိုကြောင်းဖြင့်
မုဒိတာစကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)
ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးကိုယ်စား ကျေးဇူးတင်စကား
ပြန်လည်ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)မှ
အဖွဲ့ဝင်များက "မြန်မာ"အမည်ရ အငြိမ့်ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက
သက်ကြီးပညာရှင် ဂုဏ်ပြုဆု ရရှိကြသူများဖြစ်ကြသည့် ဦးမိုးဒီ၊ ဦးပေါ်လေး၊
ဦးကျင်ဝှက်၊ ဦးစံမိုး၊ ဦးချစ်စရာ၊ ဦးမိုးကျော်၊ ဦးရွှေခဲ၊ ဦးမန်းကျော်၊
ဦးသိုးဆောင်းနှင့်ဦးဝါမင်းတို့အား ဂုဏ်ပြုဆုတံဆိပ်များပေးအပ် ချီးမြှင့်ပြီး
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် သက်ကြီးပညာရှင်ဂုဏ်ပြုဆုရရှိကြသူများကိုယ်စား
သက်ကြီးဟာသပညာရှင် ဦးမိုးဒီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍
နိုင်ငံကျော်အနုပညာရှင်များဖြစ်ကြသည့် အကယ်ဒမီရန်အောင်နှင့် အကယ်ဒမီစိုးသူတို့က
“ဝါဆို” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့် က ၂၀၂၀ပြည့်နှစ်
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ရရှိခဲ့သည့်
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးအုန်းသီးအားလည်းကောင်း၊
ဒုတိယဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်း က ၂၀၂၂ ခုနှစ်တွင် လူမှုထူးချွန်ဆု
(ဒုတိယအဆင့်) ကို ရရှိခဲ့သည့်မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး
(ဗဟို)ဥက္ကဋ္ဌ ဦးဒိန်းဒေါင်အားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ
အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)
ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က မြန်မာ နိုင်ငံလူရွှင်တော်အသင်း၊
ချွန်တွန်းပရဟိတအသင်းကာလများမှ နိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)အထိ
အဆင့်ဆင့်ဖွဲ့စည်းနိုင်ခဲ့သည့် ကာလ တစ်လျှောက်လုံးတွင်
ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး
(ဗဟို) နာယက ဦးငြိမ်းချမ်းနှင့် တွဲဖက်အတွင်းရေးမှူး ဦးအောင်ချစ်တို့အား
ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)မှ
အဖွဲ့ဝင်များက သက်ကြီးဟာသပညာရှင်များအား ဂုဏ်ပြုတင်ဆက်သည့် “ပြုံးနေပေးပါ ဟာသ
ဆရာ" တစ်ခန်းရပ်ပြဇာတ်နှင့် ဂုဏ်ပြုရေးစပ်ထားသည့် “ပြုံးနေပေးပါ” တေးသီချင်း
တို့ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊
ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက သက်ကြီးဟာသပညာရှင်ကြီးများအား
ကန်တော့ခံပစ္စည်းများပေးအပ်ကြသည်။ ယင်းနောက် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးမှ
ဟာသပညာရှင်များက သက်ကြီးဟာသပညာရှင်ကြီးများအား စုပေါင်းကန်တော့ကြပြီး
အခမ်းအနားအစီအစဉ်ပထမပိုင်းကို ရုပ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင် အခမ်းအနားဒုတိယပိုင်းအစီအစဉ်အဖြစ် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး
(ဗဟို)ညီလာခံကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဗဟို၊
တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်များ အလိုက်ဥက္ကဋ္ဌ၊
ဒုတိယဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းနှင့်
မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးအနေဖြင့် ဟာသအနုပညာလောက
ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို
ရှင်းလင်းတင်ပြခြင်းနှင့်ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးခြင်းတို့ကို
ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။





No comments:
Post a Comment