နေပြည်တော် ဇွန် ၂၉
NUG၊ CRPH တို့၏ဆက်သွယ်ညွှန်ကြားမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် အဖျက်အမှောင့်လုပ်ငန်းမျိုးစုံကို လုပ်ဆောင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက် သမားများသည် စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ လက်ပံတောကျေးရွာနှင့် စဉ့်ကိုင်ကျေးရွာများအနီး ရောက်ရှိခိုအောင်းနေကြောင်း အကြမ်းဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်း မရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ချေမှုန်းခဲ့ရာ ဇွန် ၂၅ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများထံမှ လက်နက်မျိုးစုံ ၄၂ လက်နှင့် ခဲယမ်း၊ ဗုံးသီး ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ဇွန် ၂၈ ရက်နံနက်ပိုင်းတွင် လက်နက်မျိုးစုံ ၁၂ လက်နှင့် ခဲယမ်း၊ ဗုံးသီး ဆက်စပ်ပစ္စည်းများအားလည်းကောင်း သိမ်းဆည်းရရှိခဲ့သည့် သတင်းများအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
အထက်ပါဖြစ်စဉ်များမှ ဆုတ်ခွာထွက်ပြေးသွားခဲ့သော အကြမ်းဖက်သမားအချို့သည် အခြားအကြမ်းဖက်အဖွဲ့များနှင့်ပူးပေါင်းကာ စမွန်းကျေးရွာအနီးရောက်ရှိ ခိုအောင်းနေကြောင်း အကြမ်းဖက်လုပ်ရပ်များကို ရွံရှာဆက်စုပ်မုန်းတီးပြီး PDF အမည်ခံ အကြမ်းဖက်သမားများ၏ လုပ်ရပ်များအား လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူများ၏ ထပ်မံသတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်အစောပိုင်းတွင် အဆိုပါကျေးရွာသို့သွားရောက်၍ လုံခြုံရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်စဉ် ကျေးရွာဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ VAN နှင့် CANDA အမျိုးအစား မော်တော်ယာဉ် ၂ စီးပေါ်မှ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၅ လုံးအပါအဝင် လက်နက်မျိုးစုံ ၃၉ လက်၊ ကျည်မျိုးစုံ ၅၉၀ တောင့်၊ ခဲယမ်း၊ ဗုံးသီးမျိုးစုံ ၃၀၄ လုံး၊ ဆက်စပ်ပစ္စည်းများနှင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ဖြစ်စဉ်တွင် သိမ်းဆည်းရမိလက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့် အဆိုပါလက်နက်များကိုကိုင်ဆောင်၍ ဒေသခံပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် စိတ်မထင်လျှင် မထင်သလို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။
No comments:
Post a Comment