နေပြည်တော် ဇွန် ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖိတ်ခေါ်မှုအား ၂၀၂၃ ခုနှစ်၊ မေ ၉ ရက်မှ ၁၆ ရက်အထိ သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို လက်ခံကြိုဆိုလျက်ရှိရာ ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၁ ဦးတို့သည် မောင်းပြန်သေနတ် ၅ လက်၊ ပစ္စတိုသေနတ် ၁ လက်နှင့်အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများထံသို့ လက်နက်များအပ်နှံပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများနှင့် အသိပညာပေးခြင်းများကို ရှင်းလင်းဆွေးနွေးပြောကြားကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၅ ဦးအား ၁ ဦးလျှင် ဆုကြေးငွေကျပ်သိန်း ၅၀ အားလည်းကောင်း၊ ပစ္စတိုသေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ ၂၅ သိန်းကျပ်အားလည်းကောင်း၊ လက်နက်မဲ့အလင်းဝင် ရောက်လာသူ ၅ ဦးအား ၁ ဦးလျှင် ထောက်ပံ့ငွေကျပ်သိန်း ၂၀ အားလည်းကောင်း ချီးမြှင့်ပေးအပ်ပြီး ထောက်ပံ့ပစ္စည်းများကိုလည်း အသီးသီးပေးအပ်၍ ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သူများ ကိုယ်စား ၁ ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေး သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment