နေပြည်တော် ဇွန် ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ဖိတ်ခေါ် လျက်ရှိသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဥပဒေဘောင် အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများနှင့် ပြန်လည်အလင်းဝင်လာသည့် PDF အဖွဲ့များနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းမှ PDF အဖွဲ့ဝင်အမျိုးသား ၃ ဦးသည် ၎င်းနှင့် အတူပါလာသော လက်ပစ်ဗုံး ၁ လုံးအား တာဝန်ရှိသူများထံအပ်နှံရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ဆုကြေးငွေအဖြစ်ပေးအပ်သည့် လက်ပစ်ဗုံး ၁ လုံး အတွက်ဆုကြေးငွေနှင့် တာဝန်ရှိသူများကပေးအပ်သည့် ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကြပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်သည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment