Monday, June 19, 2023

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း Myanmar Media Development Center နှင့် CMB Films Myanmar Co.,Ltd တို့ကို သွား​ရောက် ကြည့်ရှု​လေ့လာ



 ရန်ကုန် ဇွန် ၁၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းနှင့် ပါရမီလမ်းထောင့်ရှိ Forever Group Holding.,Ltd ၏ ဌာနခွဲဖြစ်သည့် Myanmar Media Development Center နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇) ရပ်ကွက်ရှိ CMB Films Myanmar Co.,Ltd တို့သို့ သွားရောက်ကြည့်ရှုသည်။

လိုက်လံရှင်းလင်းတင်ပြ

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် Myanmar Media Development Center သို့ ရောက်ရှိပြီး ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရန် စက်တင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စတူဒီယိုအဆောက် အဦများ ပြန်လည်ပြင်ဆင်မွမ်းမံမှုတို့ကိုကြည့်ရှုရာ Forever Group Holding.,Ltd မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြသည်။

ထို့နောက် CMB Films Myanmar Co.,Ltd သို့ ရောက်ရှိပြီး ရိုက်ကူးရေးလုပ်ငန်းတွင် အသုံးပြုသည့် စက်ကိရိယာ ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုလေ့လာသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် CMB Films Myanmar Co.,Ltd ရုံးစတူဒီယိုတွင် ကျင်းပပြုလုပ်သည့် New Talents Training အမှတ်စဉ် ()သင်တန်း ဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် သည်။

ရိုးသားကြိုးစားစွာဆောင်ရွက်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကားပြောကြားရာ၌ CMB Films Myanmar Co.,Ltd ရုံးစတူဒီယိုတွင် နိုင်ငံတကာအဆင့်မီ အနုပညာဆိုင်ရာ စက်ကိရိယာပစ္စည်းများကို ယနေ့ကြည့်ရှုလေ့လာခဲ့ပါကြောင်း၊ အနုပညာသည် လူအများကို ဖမ်းစားနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး မိမိအနေဖြင့် အနုပညာ၏တန်ဖိုးကိုလေးစားတန်ဖိုး ထားပါကြောင်း၊ အနုပညာရှင်တစ်ယောက်ဖြစ်ရန် မလွယ်ကူပါကြောင်း၊ မိမိအနေဖြင့် အနုပညာရှင်မဟုတ်သော်လည်း အနုပညာရှင်များ၏ ဘောသဘာဝကို နားလည်ပါကြောင်း၊ ရင်းနှီးခင်မင်သူ အနုပညာရှင်အများအပြားလည်း ရှိပါကြောင်း၊ ယနေ့သင်တန်းဆင်းပွဲတွင် နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ သင်တန်းဆင်း သင်တန်းသား သင်တန်းသူများ အနေဖြင့် အနုပညာလမ်းကို လျှောက်လှမ်းကြမည်ဟု သိရသည့်အတွက် ဝမ်းသာကြည်နူး ဖြစ်ရပါကြောင်း၊ အနုပညာလုပ်ငန်းများကို ပြည်သူအတွက်ကျေပွန်စွာရိုးသားကြိုးစားစွာဆောင်ရွက် သွားကြစေလိုပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် အနာဂတ်အိပ်မက်များကို အကောင်အထည်ဖော်နိုင် ပါစေကြောင်း ပြောကြားသည်။

ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သရုပ်ဆောင်အသစ် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

Forever Group Holding.,Ltd ၏ ဌာနခွဲဖြစ်သည့် Myanmar Media Development Center နှင့် CMB Films Myanmar Co.,Ltd တို့က သရုပ်ဆောင်အသစ်များကို မွေးထုတ်ပေးလျက်ရှိရာ ယနေ့ကျင်းပပြုလုပ်သည့် သင်တန်းသည် ()ကြိမ်မြောက်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၃၄ ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်း တက်ရောက်နေစဉ်အတွင်း သင်တန်းသား သင်တန်းသူများ၏ နေထိုင် စားသောက်စရိတ်များကို ကုမ္ပဏီက အခမဲ့ကျခံပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment