နေပြည်တော် ဇွန် ၆
ထိုင်းနိုင်ငံတွင်
MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေကြ သည့် အလုပ်သမားများအား MoU U-Turn စနစ်ဖြင့် စနစ်တကျပြန်လည်စေလွှတ်နိုင်ရေး
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌
ကျင်းပသည်။
အစည်းအဝေးသို့
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊
အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်
ဝန်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ချုပ် (MOEAF) မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင်
ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံသို့ MoU U-Turn စနစ်ဖြင့် အလုပ်သမားများပြန်လည်စေလွှတ်ရာတွင်
သတ်မှတ်ချိန်ကာလအတွင်း လုပ်ငန်းစဉ်များ မြန်မြန်ဆန်ဆန်ဆောင်ရွက်ပြီး ပြန်လည်စေလွှတ်နိုင်ရေး
ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ အလုပ်ခေါ်စာတွင်ပါရှိသည့် အမှန်တကယ်ခေါ်ယူလိုသော အလုပ်သမားအရေအတွက်အပေါ်
မြန်မာအေဂျင်စီများမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်နှင့် အလုပ်သမားကလည်း မည်သည့်အေဂျင်စီက
တာဝန်ယူဆောင်ရွက်ပေးနေသည်ကို သိရှိရန် လိုအပ်ကြောင်း၊
ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် လက်ရှိ လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအား
U-Turn စနစ်ဖြင့် ပြန်လည်စေလွှတ်ရာတွင်ဖြစ်စေ၊ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးသည့်
MoU စနစ် အလုပ်သမား(လူဟောင်း)များကို ယခင်အလုပ်ရှင်ထံသို့ ပြန်လည်စေလွှတ်ရာတွင်ဖြစ်စေ
လုပ်ငန်းစဉ်ကို သတ်မှတ်ညွှန်ကြားထားသည့်အတိုင်း မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊
အလုပ်ရှင်၊ အလုပ်သမားနှင့်အေဂျင်စီများအကြား တာဝန်ယူမှုစနစ် တည်ဆောက်ရန်လိုအပ်ကြောင်း။
ထိုင်းနိုင်ငံသို့
MoU U-Turn စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍
မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားရေးရာ ကျွမ်းကျင်သူများအစည်းအဝေး ကျင်းပပြုလုပ်ပြီး
ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်း၊ ဖြေလျှော့ပေးရမည့်အချက်များနှင့်
ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကိုလုပ်ငန်းစဉ်များအလိုက် အကြံပြုဆွေးနွေးတင်ပြပေးစေလိုကြောင်း
ပြောကြားသည်။
ထို့နောက်
မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) တာဝန်ရှိသူများက
MoU U-Turn စနစ်ဖြင့် ဆောင်ရွက်ရမည့် အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်များ၊ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်
ချုပ်ဆိုမှုအခြေအနေ၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးပေးစေလိုသည့်
ကိစ္စရပ်များ၊ MoU လုပ်ငန်းစဉ်နှင့်ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍
မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ သဘာဝဘေးဒဏ်သင့်သည့်ဒေသများ၌
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားသဘာဝ
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းမည့် ငွေကျပ်
၄၃၃၅၀၀၀၀ အား ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများထံသို့ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက
ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment