Monday, June 12, 2023

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာသည့် KIA အဖွဲ့ဝင်များအား ဆုကြေးငွေများနှင့် ထောက်ပံ့ငွေများပေးအပ်

 

နေပြည်တော် ဇွန် ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို လက်ခံကြိုဆိုလျက်ရှိရာ ယနေ့တွင် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော KIA အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်မှ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြန်လည်ဝင်ရောက်လာသည့် KIA အဖွဲ့များနှင့် ၎င်းတို့၏ မိဘများတက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် တနိုင်းမြို့နယ်အတွင်းမှ KIA အဖွဲ့ဝင်အမျိုးသား ၂ ဦးသည် ၎င်းနှင့်အတူပါလာသော K-25 သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၅၀ တောင့်နှင့် လက်ပစ်ဗုံး ၂ လုံးအား တာဝန်ရှိသူများထံအပ်နှံကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆုကြေးငွေအဖြစ်ပေးအပ်သည့် သေနတ်တစ်လက်လျှင် ငွေကျပ်သိန်း ၅၀ နှုန်းဖြင့် ငွေကျပ် သိန်း ၁၀၀၊ လက်ပစ်ဗုံး ၂ လုံးအတွက် ဆုကြေးငွေ ၆ သိန်း၊ စုစုပေါင်း ငွေကျပ် ၁၀၆ သိန်းကို တာဝန်ရှိသူများကပေးအပ်ကြပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်သည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment