နေပြည်တော် ဇွန် ၁၂
အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယ ကုန်သည်ကြီးများအသင်းတို့၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့၌ကျင်းပသည့် BIMSTEC Business Conclave သို့တက်ရောက်ရန် ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇွန် ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော အင်ဂျင်နီယာ ပို့ကုန်မြှင့်တင်ရေးကောင်စီ (Engineering Export Promotion Council-EEPC) က ကြီးမှူးကျင်းပသည့် Trade and Investment Opportunities ဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌနှင့် ကုန်သည်လုပ်ငန်းရှင်များ၊ EEPC ဥက္ကဋ္ဌ တာဝန်နှင့် နိုင်ငံခြားရေးရာကုန်သွယ်မှု မူဝါဒနှင့် ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ ဥက္ကဋ္ဌ Mr. P.K Shah ၊ ဒုတိယဥက္ကဋ္ဌ Mr. AakashShah နှင့် ဒေသ တွင်းဆိုင်ရာ ဥက္ကဋ္ဌ Mr. B. D Agarwal အပါအဝင် EEPC မှ တာဝန်ရှိသူများ၊ အိန္ဒိယရင်းနှီးမြှုပ်နှံ သူများနှင့် ကုန်သည်လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် အလားအလာများ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလားအလာများ၊ ကျပ်နှင့်ရူပီးများကို နှစ်နိုင်ငံကုန်သွယ်မှုတွင် သုံးစွဲနိုင်ရေး နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ကုန်သည်လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြား ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကော်လ်ကတ္တားမြို့ရှိ ပြည်ပမှတင်သွင်းသည့် ပဲမျိုးစုံအား တန်ဖိုးမြှင့်တင်ထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်သော ETG Processing Plant သို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment