နေပြည်တော် ဇွန် ၁၅
စစ်တွေမြို့၌ ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့တွင် စစ်တွေတပ်နယ်နှင့် ရသေ့တောင်တပ်နယ်တို့ရှိ နယ်မြေခံတပ်ရင်းများအားလိုက်လံကြည့်ရှုစစ်ဆေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမများတွင် သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် လေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ ခန့် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံ၍ ကျော်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း၊ မုန်တိုင်းအလွန် ကာလတွင်လည်း နေရေး၊ စားရေး၊ ကျန်းမာရေး အခြေအနေများကို သိလို၍ လာရောက်ခြင်းဖြစ်ကြောင်း၊ ဦးစားပေးအရ အမိုးအကာအောက်ကို မိသားစုအားလုံး လုံလုံခြုံခြုံဖြင့် ရောက်ရှိနေထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။
၂၄ နာရီ တာဝန်ထမ်းဆောင်နေကြသူများဖြစ်
တပ်မတော်သားများအနေဖြင့် အထက်မှပေးအပ်သော တာဝန်ကို ၂၄ နာရီ တာဝန်ထမ်းဆောင်နေကြသူများဖြစ်၍ မိသားစုအတွက် နောက်ဆံမတင်းဘဲ တာဝန်ထမ်းဆောင်နိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ တာဝန်ထမ်းဆောင်နိုင်ရန် မိသားစု လုံလုံခြုံခြုံနေထိုင် စားသောက်နိုင်ရန် တာဝန်ရှိသူများက စီမံပေးရန်လိုကြောင်း။
အလားတူ စားသောက်ရေးသည် အရေးအကြီးဆုံးဖြစ်ပြီး တပ်မတော်မှ ချမှတ်ပေးထားသော စိုက်ပျိုးမွေးမြူရေးလမ်းညွှန်ချက်များနှင့်အညီ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ယခုနှစ်စိုက်ပျိုးရေးရာသီအတွင်း ပြန်လည်စိုက်ပျိုးနိုင်သည်အထိ ကြိုးပမ်းသွားရန်နှင့် လိုအပ်သောမျိုးများကိုလည်း တစ်ပါးတည်းပေးအပ်ခဲ့မည် ဖြစ်ကြောင်း။
တစ်နာရီလျှင် မိုင် ၁၂၀ အထိ တိုက်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် မုန်တိုင်းဖြစ်သော်လည်း နိုင်ငံတော်အပိုင်းမှ ကြိုတင်ပြင်ဆင်မှု၊ အသိပညာပေးမှုများ ပြုလုပ်ခဲ့ခြင်းနှင့် အားလုံး၏လိုက်ပါပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးသာ ကြုံတွေ့ခဲ့ရကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း အားလုံးတက်ကြွစွာဖြင့် လိုက်ပါဆောင်ရွက်သွားရန်လိုကြောင်း။
ပညာတတ်များဖြစ်အောင် လေ့ကျင့်ပျိုးထောင်သွားရန်လို
ပညာရေးနှင့်ပတ်သက်၍ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ရေးနှင့် ကျောင်းနေသူအားလုံးသည်လည်း တန်းစဉ်မပြတ်ဘဲ အနည်းဆုံး KG+9 အောင်မြင်သည်အထိ စာသင်ကြားနိုင်ရေး နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေးဆိုင်ရာ မူဝါဒပေးထားရာ မိမိတို့၏ သားသမီးများကို ပညာတတ်များဖြစ်အောင် လေ့ကျင့်ပျိုးထောင်သွားရန်လိုကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဟု မူဝါဒချမှတ်ထားရာ လိုအပ်သောဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို အချိန်မီရောက်ရှိရန် ကြိုးပမ်းပေးလျက် ရှိကြောင်း၊ မိသားစုဝင်များ မုန်တိုင်းအလွန်ဝမ်းပျက်ဝမ်းလျှောကဲ့သို့ နောက်ဆက်တွဲရောဂါများ ကင်းဝေးစေရန် သန့်ရှင်းသော သောက်သုံးရေမှအစ သုံးရေအထိ သတိပြုသုံးစွဲကြရန်လိုကြောင်း။
တပ်မတော်သား မိသားစုဝင်များအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်လည်း တက်တက်ကြွကြွဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များက တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစု၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအား စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များအား ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆေးရုံအတွင်း လိုက်လံကြည့်ရှု
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား လိုက်လံကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ ဆေးရုံအတွင်း လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment