Tuesday, June 13, 2023

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၅) (သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန)

 

မြင့်စိုး(နတလ)

ကျေးရွာများအတွက်သန့်ရှင်းသော သောက်သုံးရေရရှိရေး

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်သို့ ရောက်ရှိ နေစဉ် မေ ၁၉ ရက်က သွားရောက်ခဲ့သော ကျောက်တော် - ရသေ့တောင်ခရီးစဉ်၌ ကျေးရွာများ အနီး တူးဖော်ထားခဲ့သော ရေကန်များကို ရဟတ်ယာဉ်ပေါ်မှနေ၍ တွေ့မြင်ခဲ့ရသည်။ မြေသားရေစု ကန်များဖြစ်သောကြောင့် အချို့ကန်များသည် ရွှံ့နွံများကြောင့် ဝါထိန်ထိန်ဖြစ်နေပါလိမ့်မည်။ အချို့ကန်များက စိမ်းနေသည်ဆိုငြားလည်း ကန်အောက်မှာ အနည်အနှစ်များရှိနေပါလိမ့်မည်။ သန့်ရှင်းသော သောက်ရေ၊ သုံးရေကို ရွာသူရွာသားများ ခပ်ယူ အသုံးပြုနိုင်ရေးအတွက် နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးရန်၊ ပိုးမွှားနှင့် ရောဂါဘယကင်းရှင်း စေရေးအတွက် ရေတွင်းရေကန်များကို ဆေးခတ်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။ ကျွန်တော် စစ်တွေမြို့သို့ စတင်ရောက်ရှိသည့် မေလ ၁၉ ရက် နေ့မှာပင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဆိုပါလမ်းညွှန်ချက်ကို ထပ်ဆင့်အသိပေးခဲ့ပြီးနောက် ယင်းလုပ်ငန်းများ အောင်မြင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


 


ကျွန်တော်အမှတ်ရမိသော ကန် ၁၀၀၊ တွင်း ၁၀၀ စီမံကိန်း

နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်၏ အထက်ပါ လမ်းညွှန်ချက်ကို ပြန်လည်ကြားလိုက်ရသည့် အခိုက်အတန့်မှာ ဖျတ်ခနဲ ကျွန်တော်အမှတ် ရလိုက်မိသည်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ရခိုင်ဒေသ၌ဆောင်ရွက်ခဲ့သော ကန် ၁၀၀၊ တွင်း ၁၀၀ စီမံကိန်းဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေဆဲ။ ပေ ၁၀၀၊ ပေ ၁၅၀ ပတ်လည်ရေကန်များကို စက်ယန္တရားများဖြင့်လည်းကောင်း၊ လူအားဖြင့် လည်းကောင်း တူးဖော်ပေးခဲ့ကြသည်။ တွင်း ၁၀၀ ဆိုသည့်အတိုင်း လက်တူးတွင်းများလည်းပါသည်။ ရေကန်များတူးဖော်ပြီးစီးပါက ရွာသူရွာသားများ ရေကန်အတွင်းဆင်း၍ ရေမခပ်စေဘဲ ပန့်ဖြင့် စုပ်တင်ပြီး ရေစုကန်ထဲသို့ထည့်ပေးရန်၊ ရေတွင်းများတူးဖော်ပြီးစီးပါက အမိုးမိုးရန်၊ ခြံစည်းရိုး ကာရန်တို့နှင့်စပ်လျဉ်း၍ ထိုစဉ်က နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း လမ်းညွှန်မှာကြားခဲ့သည်ကိုလည်း အမှတ်ရဆဲဖြစ်သည်။ အနုပညာရူးသွပ်မှု များထဲက တစ်ခုလို့ပဲပြောရမလားမသိ၊ ရခိုင်ဒေသ ၏ အဆိုပါ ကန် ၁၀၀၊ တွင်း ၁၀၀ စီမံကိန်းလေးကိုပင် အရုပ်တွေစုဆောင်းပြီး ရန်ကုန် (၄၁) လမ်းက ကျွန်တော့်မိတ်ဆွေ ရွှေကောင်းမြတ်ဗီဒီယိုမှာ တည်းဖြတ်ကာ ၁၀ မိနစ်စာ ရုပ်မြင်သံကြားအစီအစဉ်အဖြစ် MRTV ၌ ထုတ်လွှင့်ပြသခဲ့ဖူးသည်ကိုလည်း မမေ့ခဲ့ပါ။

တိုင်းရင်းသားရွာတွေ များစွာရှိနေသည်

ရခိုင်ပြည်နယ်အတွင်း၌ နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့စဉ်က စစ်တွေ၊ ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များကို အရောက်အပေါက်များခဲ့သည်။ အထူးသဖြင့် ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောတို့ ဖြစ်၏။ နိုင်ငံတော်၏ အနောက်တံခါးခိုင်ခံ့ဖို့၊ လုံခြုံစိတ်ချရဖို့အတွက် ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် စွမ်းအားရှိသမျှကြိုးစားခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နဝတ၊ နယကခေတ်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်များ၌ တောင်ပေါ် တောင်အောက် ဟိုတစ်စုသည်တစ်စု အကွဲကွဲ အပြားပြားဖြစ်နေသော မြို၊ ခမီ၊ ဒိုင်းနက်၊ သက်လူမျိုးများ အခြေပြုရာကျေးရွာလေးများကိုစုစည်း၍ ၁၉၉၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း စုစည်းကျေးရွာ ၂၀ တည်ဆောက်ပေးခဲ့သည်။ မောင်တောမြို့နယ်အတွင်းမှ ရန်အောင်မြင်၊ အောင်မင်္ဂလာ၊ ပဲရုံ/ အင်းဒင်၊ သရေကုန်းဘောင်၊ မောရဝတီ၊ ဖားဝပ်ချောင်း၊ သုပဏ္ဏက၊ နမ့်ရာကိုင်း၊ အောင်သပြေ၊ မင်းခမောင်း၊ မင်္ဂလာညွန့်၊ တောင်ပြိုလက်ဝဲ၊ ဥဒေါင်း၊ ကျောက်ပန္ဒုနှင့် ရေမျက်တောင် ကျေးရွာများ၊ ဘူးသီးတောင်မြို့နယ်အတွင်းမှ ကထိလှ၊ ကျောက်စာတိုင်၊ ကျွဲရိုင်း၊ ဝါးခုတ်ချောင်းနှင့် မင်းလှကိုင်းကျေးရွာများ ဖြစ်ကြသည်။

ထိုနည်းတူစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် လည်း စံပြကျေးရွာ ၁၉ ရွာကို တည်ဆောက်ပေးခဲ့သည်။ အဆိုပါကျေးရွာများမှာ မောင်တောမြို့နယ် ထဲမှ အောင်ဇေယျ၊ မြဝတီ၊ ဝေသာလီ၊ ကသည်း (ငါးရံ့ချောင်း)၊ သုခမြိုင်၊ ဒီပီအေ၊ ရွှေရင်အေး၊ လောင်းဒုံ၊ ခရေမြိုင်၊ ကိုင်းကြီး၊ ရွှေဗဟို၊ အောင်သာယာ၊ ရန်ခါစေတီကျေးရွာများ၊ ဘူးသီး တောင်မြို့နယ်အတွင်းမှ ဂန္ဓမာ၊ အင်ကြင်းမြိုင်၊ သရဖီနှင့် ကံ့ကော်မြိုင်ကျေးရွာများ၊ ရသေ့တောင် မြို့နယ်အတွင်းမှ သဇင်မြိုင်နှင့် ပိတောက်မြိုင် ကျေးရွာများ ဖြစ်ကြသည်။ အဆိုပါ စုစည်းကျေးရွာ ၂၀၊ စံပြကျေးရွာ ၁၉ ရွာ၊ စုစုပေါင်း ၃၉ ရွာကို ပြုပြင် တည်ဆောက်မှုများပြုလုပ်ပေးပြီး ၁၉၉၉ ခုနှစ်မှ စတင်ကာ ရခိုင်အိမ်ထောင်ပြောင်းလုပ်ငန်းကို စတင်အကောင်အထည်ဖော်ခဲ့သည်။ ရန်ကုန် တိုင်းဒေသကြီးအတွင်းမှ အိမ်ရာအတည်တကျမရှိသော အိမ်ထောင်စုများကို စုစည်းခေါ်ယူပြီး အဆိုပါကျေးရွာများတွင် နေရာချထားပေးခဲ့သည်။ နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ် အစိုးရ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရများအနေဖြင့် ၎င်းမိသားစုများ ဘဝရှေ့ရေးအတွက် အထူးအလေးထားဆောင်ရွက်ပေးခဲ့သည်။ လယ်ယာ မြေများဖော်ထုတ်ခွဲဝေပေးသည်၊ ကနဦးတွင် ကျွဲ၊ နွားနှင့် လှည်းများထောက်ပံ့ပေးရာက နောက်ပိုင်း လေးအိမ်ထောင်လျှင် လက်တွန်းထွန်စက်တစ်စီးအထိ ထောက်ပံ့ပေးခဲ့သည်။ အပ်ချုပ်စက်၊ ဆိုက်ကား၊ ဒန်အိုးဒန်ခွက်များကအစ ဆန် ဆီ ဆား ပဲ ရိက္ခာ တစ်လစာ၊ ရိက္ခာစိုငွေ တစ်လစာတို့ကိုပါ ထောက်ပံ့ ပေးခဲ့သည့်အပြင် ကျေးရွာအလိုက် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်းများကိုလည်း တည်ဆောက်ပေးခဲ့သည်။

ဤသို့ စီစဉ်ဆောင်ရွက်ပေးပင်ပေးခဲ့သော်ငြားလည်း ထင်သာထင် မဝင်ဘူး ကျောင်းအစ်မရေဟု သာသာထိုးထိုးလေး ကျွန်တော်ပြောရပေတော့မည်။ နိုင်ငံတော်အကြီးအကဲက ရခိုင်ပြည်နယ်အတွက် ကြိုတင်မြော်တွေးကာ လူဦးရေတစ်သိန်းခန့်ဖြင့် ကာရံထားလို၍ ယင်းကဲ့သို့ ပို့ဆောင်ပေးခဲ့သော်လည်း လူဦးရေသောင်းဂဏန်းပင် မပြည့်ခဲ့ပါ။ ၁၉၉၉ ခုနှစ်တွင် ပထမအကြိမ်အဖြစ် စတင်ပို့ဆောင်ခဲ့သော ရခိုင်အိမ်ထောင်ပြောင်းစီမံကိန်းသည် ၂၀၁၁ ခုနှစ် တွင် ၁၉ ကြိမ်မြောက် ပို့ဆောင်ပြီးသကာလ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းသွားခဲ့သည်။ ရေတွင်းရေကန်များနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနလုပ်ငန်းများ ကို သတိရမိရာက ရခိုင်အိမ်ထောင် ပြောင်း ကိစ္စကိုပါ ဝေမျှလိုက်ခြင်းဖြစ်သည်။ မိုခါ မုန်တိုင်း မဝင်ရောက်မီ အကြိုကာလဆောင်ရွက်မှုများနှင့် ဝင်ရောက်တိုက်ခတ်ပြီးချိန်ကာလ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဝေပေးမှု အခြေအနေများကို ဆက်လက်တင်ပြသွားပါမည်။

ရွေ့လျားရေသန့်ကားများ ကြိုတင်ဖြန့်ခွဲထားရှိ

ကနဦးမိုးလေဝသသတင်းများအရ မိုခါမုန်တိုင်း၏ ဦးတည်ရာသည် ရခိုင်လား၊ ဧရာဝတီလား၊ ဘင်္ဂလားဒေ့ရှ်လား မကွဲပြားသေးပါ၊၊ သည့်အတွက် သဘာဝဘေးကြုံလာခဲ့သည်ရှိသော် ကျန်းမာရေး အရရော၊ အသက်ရှင်သန်ရေးအတွက်ရော မရှိ မဖြစ်လိုအပ်သော အရာတစ်ခုမှာ သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးဖြစ်သည်။ ခန့်မှန်းချက်များအရ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ မကွေး၊ စစ်ကိုင်းတို့တွင် ရွေ့လျားရေသန့်ကား တစ်စီးစီဖြန့်ခွဲထားရှိခဲ့သည်။ နေပြည်တော်၊ ကရင်၊ ရှမ်း (တောင်)၊ ပဲခူး၊ တနင်္သာရီတို့တွင်လည်း တစ်စီးစီ ရှိနေပြီးဖြစ်သည်။ မိုခါမုန်တိုင်း၏ ဦးတည်ရာသည် ရခိုင်ပြည်နယ်၊ စစ်တွေနှင့် ကျောက်ဖြူအကြား ဝင်ရောက်မည်ဖြစ်ကြောင်း သိလိုက်ချိန်တွင် ကျောက်ဖြူသို့ ရွေ့လျားရေသန့်ကားတစ်စီး ကြိုတင် ထားရှိပေးခဲ့သည်။ မေ ၁၄ ရက်တွင် တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၃၀ ကျော်ဖြင့် ဝင်ရောက် တိုက်ခတ်ချိန်တွင်တော့ ရခိုင်ပြည်နယ်အတွင်း ၁၇ မြို့နယ်ရှိသည့်အနက် မြောက်ပိုင်းမြို့နယ် များဖြစ်သော စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များသည် ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။ နိုင်ငံတော်အကြီးအကဲနှင့် ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၏ ကြိုတင် မြော်တွေး စီမံဆောင်ရွက်ထားမှုများကြောင့် ထိခိုက်ဒဏ်ရာရမှု၊ အသက်အန္တရာယ် ထိခိုက် ဆုံးရှုံးမှု အလွန်နည်းခဲ့သည့်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အံ့အားသင့်ချီးကျူးမှု၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၏ ယုံကြည်ကိုးစား ကျေးဇူးတင်မှုကို ခံယူခဲ့ရသည်။

ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့သည့် မြို့နယ် ၁၀ မြို့နယ်တွင် ပင်လယ်မုန်တိုင်းဒီရေကြောင့် မြေသားရေစုကန်များ ဆားငန်ရေဝင်ရောက်နိုင်မှု၊ ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်နိုင်ခြေရှိမှု၊ ဒေသခံပြည်သူလူထု၏ ရေလိုအပ်ချက်ရှိမှုတို့အပေါ်မူတည်၍ အခြားပြည်နယ်၊ တိုင်းဒေသကြီးများမှ ရွေ့လျားရေသန့်ကားများကို ရခိုင်ပြည်နယ်သို့ ပို့ဆောင် ပေးကာ ရသေ့တောင်မြို့နယ်တွင် နှစ်စီး၊ မင်းပြားမြို့နယ်တွင် တစ်စီး၊ စစ်တွေမြို့နယ်တွင် သုံးစီး ဖြန့်ခွဲထားရှိသည်။ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ကရင်၊ နေပြည်တော်၊ စစ်ကိုင်းမှ ရွေ့လျားရေသန့်ကားသုံးစီးကို ရခိုင်သို့ ထပ်မံ ပို့ဆောင်ထားရာ ရောက်ရှိလာပါက ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်များတွင် ထားရှိ သွားမည်ဖြစ်သည်။

ရွေ့လျားရေသန့်ကားများသည် တစ်နာရီလျှင် ရေဂါလန် ၈၀၀ ခန့် သန့်စင်ပေးနိုင်ပြီး ကားခြောက်စီးဖြင့် မေ ၁၆ ရက်မှ ဇွန် ၅ ရက်အထိ သန့်ရှင်းသော သောက်သုံးရေ ၄၄၆၅၇၉ ဂါလန် ဖြန့်ဝေပေးနိုင်ခဲ့သည်။ ရွေ့လျားရေသန့်ကားများသည် မြို့အသီးသီးတွင် မူလရှိပြီးသော ရေထွက်နှုန်းကောင်းသည့် ရေတွင်းကြီးများမှ ရေကိုစုပ်ယူ သန့်စင်ပေးနိုင်သလို နောက်ကျိနေသည့် မြေသားရေစုကန်များမှ ရေများကိုလည်း စုပ်ယူသန့်စင်ပေးနိုင်ခဲ့ သည်။ သို့ရာတွင် ရွေ့လျားရေသန့်ကားများသည် မြို့နယ်အသီးသီးရှိ ကျေးရွာများသို့ ရောက်ဖို့ရာ မလွယ်ကူပါ။ မြေသားရေစုကန်များ အများအပြား ရှိနေသည်ကလည်း ကျေးရွာများတွင်ဖြစ်သည်။ ကျေးရွာများ၏ သန့်ရှင်းသော သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် Life Straw Community ရေသန့်စက်များကို မြို့နယ်အလိုက် ကျေးရွာများသို့ အရောက်ဖြန့်ဝေ ပေးပို့ခဲ့သည်။

Life Straw Community မှ ရေသန့်စက်လေးများ

အရွယ်အစားအားဖြင့်လည်း မကြီးလှ၊ လူ နှစ်ယောက် အလွယ်တကူ သယ်ယူရွှေ့ပြောင်းနိုင် သည်။ နောက်ကျိသော ရေကန်ဘေးမှာလည်း ထားနိုင်သည်၊၊ ရွာကလူကြီးအိမ်မှာ၊ စာသင်ကျောင်းမှာ၊ ဘုန်းတော်ကြီးကျောင်းမှာထားပြီး ရေနောက်ကန်များမှရေကို သယ်ယူလောင်းထည့်၍ ကြည်လင်သန့်စင်သောရေကို ခံယူရရှိနိုင်သည်။ လျှပ်စစ် ဓာတ်အားမလိုခြင်းက သူ၏အားသာချက်ဖြစ်၏။ လောင်းထည့်လိုက်သော ရေနောက်များသည် အကြိုရေစစ်ကိရိယာ(prefilter)ကို စတင်ဖြတ်ပြီး နောက်ထပ်မံ၍ ရေစစ်ကိရိယာနှစ်ခုကိုဖြတ်၊ ယင်းမှ Membrane ချောင်းကို ထပ်မံဖြတ်သန်းပြီးသော အခါ အသင့်သောက်သုံးနိုင်သော သောက်ရေသန့်များကို ရရှိပြီဖြစ်သည်။ Life Straw ရေသန့်စက်များသည် တစ်နာရီလျှင် ရေသုံးဂါလန်ခန့် သန့်စင်ပေးနိုင်သည်။ ယင်းစက်တစ်လုံးသည် လူဦးရေ ၁၀၀ တစ်နေ့တာသောက်သုံးရန် ရေကိုသန့်စင် ပေးနိုင်သဖြင့် ရွာသူရွာသားများ ပျော်ရွှင်ချမ်းမြေ့စွာ အသုံးပြုနေကြပြီဖြစ်သည်။

ယင်းရေသန့်စက်များကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အလုံး ၁၁၀၊ နယ်စပ်ရေးရာဝန်ကြီးဌာနက အလုံး ၁၀၀ စုစုပေါင်း အလုံး ၂၁၀ ဝယ်ယူထောက်ပံ့ခဲ့ခြင်းဖြစ်၏။ တစ်လုံး၏ တန်ဖိုးမှာ ကျပ်ကိုးသိန်းဖြစ်သည်။ မြို့နယ်အလိုက် ဖြန့်ခွဲထားရှိမှုမှာ စစ်တွေမြို့နယ်တွင် အလုံး ၃၀၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အလုံး ၂၀၊ ပေါက်တောမြို့နယ်တွင်၂၃ လုံး၊ ရသေ့တောင်မြို့နယ် တွင် အလုံး ၅၀၊ မြောက်ဦးမြို့နယ်တွင် အလုံး ၂၀၊ ကျောက်တော်မြို့နယ်တွင် ၂၂ လုံး၊ မင်းပြားမြို့နယ် အလုံး ၂၀၊ မြေပုံမြို့နယ်တွင် ၁၅ လုံး၊ မောင်တော မြို့နယ် ငါးလုံး၊ ဘူးသီးတောင်မြို့နယ် ငါးလုံး ဖြစ်သည်။ ယင်းသို့ ဖြန့်ဝေပေးပို့ရာတွင် ရွာသူ ရွာသားများ စနစ်တကျ အသုံးပြုတတ်စေရန် အတွက် ရေသန့်စင်စက်တပ်ဆင်နည်း၊ နေ့စဉ် အပတ်စဉ် လစဉ်သန့်ရှင်းရေးပြုလုပ်နည်း၊ ရေစက် ကိရိယာများ အစားထိုးလဲလှယ်ရမည့် အချိန်ကာလ ပါဝင်သော လမ်းညွှန်စာရွက်လေးများကိုပါ တစ်ပါတည်း ရှင်းလင်းပြသပေးပို့ခဲ့သည်။

ရွေ့လျားရေသန့်စက်များ ထပ်မံပေးပို့

ကျေးရွာများရှိ မြေသားရေစုကန်များမှ နောက်ကျိနေသောရေကို စုပ်ယူသန့်စင်၍ ရွာသူ ရွာသားများအား ဖြန့်ဝေပေးနိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရွေ့လျားရေသန့်စက်များ အစုံ ၂၀ တည်ဆောက် ပေးပို့လာသည်။ ထိုရွေ့လျားရေသန့်စက်များ သည် ယခင်က ဂျင်နရေတာကို ပန့်နှင့်တွဲ၍ စုပ်ယူ သန့်စင်သည့်စနစ်ဖြစ်သည်။ ကျေးရွာများအနေဖြင့် စက်သုံးဆီသုံးစွဲရန် အခက်အခဲရှိနိုင်သောကြောင့် ဂျင်နရေတာအစား 470W ဆိုလာနှစ်ချပ်၊ ၀ ဒသမ ၅ ပန့်တစ်လုံးတွဲ၍ သုံးနိုင်အောင်တည်ဆောက် ပေးခဲ့သည်။ တန်ဖိုးအားဖြင့် တစ်လုံးလျှင် ၂၆ သိန်း ကုန်ကျခဲ့သည်။ သန့်စင်ပေးနိုင်မှုအခြေအနေမှာ တစ်နာရီလျှင် ရေဂါလန် ၃၀၀ ခန့် စုပ်ယူသန့်စင် ပေးနိုင်သည်။ ယင်းရွေ့လျားရေသန့်စက်များကိုလည်း မြို့နယ်အလိုက် ကျေးရွာများတွင် လှည့်လည် အသုံးပြုသန့်စင်ပေးနိုင်ရေး ခွဲဝေပေးပို့သွားမည် ဖြစ်သည်။

ရေကန်များအား ပြန်လည်တူးဖော်

သန့်ရှင်းရေး ဆောင်ရွက်ပေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ရခိုင်ပြည်နယ်အတွင်း၌ ကျေးရွာများ သောက်သုံး ရေရရှိရေးအစီအစဉ်ဖြင့် ရေကန်များ တူးဖော်ပေး ခဲ့ရာ ယင်းကန်များထဲမှ စစ်တွေတွင် ကန် ၂၀၊ ပုဏ္ဏား ကျွန်းတွင် ၄၅ ကန်၊ ရသေ့တောင်တွင် ၄၃ ကန်၊ ပေါက်တောတွင် ကန် ၂၀၊ မြောက်ဦးတွင် ၄၃ ကန်၊ ကျောက်တော်တွင် ခြောက်ကန်၊ မင်းပြားတွင် ၃၃ ကန်၊ မြေပုံတွင် ၁၁ ကန်၊ စုစုပေါင်း ၂၂၂ ကန်သည် ရေငန် ဝင်ရောက်မှု၊ ပြန်လည်သန့်စင်ရန်လိုအပ်မှုတို့ ကြောင့် ပြန်လည်တူးဖော် သန့်စင်ပေးလျက်ရှိသည်။ ဇွန် ၈ ရက်အထိ ဆောင်ရွက်ပြီးစီးမှုမှာ တူးဖော်ပြီး ၁၇၉ ကန်၊ တူးဖော်ဆဲ ၃၂ ကန်၊ တူးဖော်ရန်ကျန် ၁၁ ကန်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် မိုခါ မုန်တိုင်းဒဏ်ကြောင့် ရေကန်အချို့တွင် ကာရံထားသော ခြံစည်းရိုးများ လဲပြိုသွားခြင်း၊ လက်တူးတွင်းများ၏ အမိုးများလေနောက်လွင့်ပါကုန်ခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ယင်းရေတွင်းရေကန်များကိုလည်း ပြန်လည်ပြုပြင်ပေးမည်ဖြစ်သည်။

ရွှေကိုမလို ရေကိုသာလိုသည်

မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် စစ်တွေမြို့တွင်းရှိ ရပ်ကွက်အချို့တွင် ရွေ့လျား ရေသန့်ကားဖြင့် ရေပေးဝေနေမှု၊ ဆိုလာသုံး ရေသန့်စက်များဖြင့် ရေစုပ်ယူပေးဝေနေမှုများကို ကျွန်တော်လိုက်လံကြည့်ရှုခဲ့သည်။ အချို့က ရေသန့်ကားနောက်မှာ အိုးတွေခွက်တွေ၊ ရေပုံးတွေ ချကာ တန်းစီရေယူရသည်ကို မစောင့်နိုင်တော့ဘဲ ရေကန်ထဲမှ ဝါကျင်ကျင်ရေတွေကို ဆင်းခပ်ပြီး သယ်ယူသွားကြသည်ကိုတွေ့မြင်ခဲ့ရ၏။ သုံးရေအတွက် ရည်ရွယ်ပြီးခပ်သွားလျှင် ကိစ္စမရှိ၊ သောက်ရေအတွက် ရတာယူသွားပြီး ကျိတ်မှိတ်သောက်နေကြမည်လားဟု စိုးရိမ်စိတ်ပွားမိသည်။ သဘာဝဘေးသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ကြီးမှအစ မြို့နယ်အသီးသီးမှ ကျေးရွာများသည် သန့်ရှင်းသော သောက်သုံးရေလိုအပ်နေဦးမည်မှာ သေချာသည်။ ကျွန်တော်တို့ ပို၍ကူညီလုပ်ကိုင်ပေးရပါဦးမည်။ အထူးသဖြင့် မြေသားရေစုကန်များကိုသာ အားထားနေရသော ကျေးရွာများစွာရှိနေပါသေးသည်။ ဤကဲ့သို့ ဆောင်ရွက်ပေးလျှင် ကျွန်တော်တို့ အတွက်လည်း ရေအကျိုး ၁၀ ပါးက မတောင်းဘဲ ပြည့်နေမည်မှာ သေချာလှပေသည်။ ။

No comments:

Post a Comment