Tuesday, June 13, 2023

မျှော်လင့်ချက်တွေအကောင်အထည်ပေါ်ဖို့ အောင်ဘာလေအွန်လိုင်းထီထိုးကြစို့


ကိုရင်မောင်

ကျွန်တော်ဟာ ထီဝါသနာအိုးတစ်ယောက်ပါ။ ငယ်စဉ်ကာလ လုပ်ငန်းခွင်ရောက်တဲ့အချိန်ကစလို့ အခုအချိန်အထိ အောင်ဘာလေထီကို လစဉ်မှန်မှန် ထိုးခဲ့ပါတယ်။ အဲဒီတုန်းက ထီတစ်စောင်ကိုနှစ်ကျပ်နှုန်းနဲ့ လစဉ်နှစ်စောင်၊ သုံးစောင်ထိုးဖြစ်တယ်။ ၁၉၈၀ ပြည့်နှစ်ဝန်းကျင် အဲဒီကာလတုန်းက ခေတ်စားတဲ့ရုပ်ရှင်မင်းသား ကျော်ဟိန်းရဲ့ “နှစ်ကျပ် ဖိုးနဲ့သိန်းထီထိုး တော်ကြာ သူများဦးသွားမှာစိုး”၊ အဆိုတော် မင်းမင်းလတ်ရဲ့ “နှစ်ကျပ်ဖိုးနဲ့ သိန်းထီထိုး ပျော်စရာဆုကြီးများ တစ်ခုမှမတိုး” စတဲ့သီချင်း တွေကြောင့်လည်း ထီထိုးချင်တဲ့စိတ်တွေ ပိုပြီး ဖြစ်စေခဲ့ပါတယ်။

အိုးပိုင်အိမ်ပိုင်၊ ကားပိုင်ဖြစ်နိုင်

အဲဒီခေတ်ကာလက မြန်မာပြည်မှာ ခုခေတ်လို ချမ်းသာကြွယ်ဝတဲ့သူတွေ မများကြဘဲ အများစုဟာ လက်လုပ်လက်စားတွေနဲ့ ဝန်ထမ်းတွေများကြပါတယ်။ သူတို့တွေရဲ့ဘဝတွေ ပြောင်းလဲသွားစေဖို့ မျှော်လင့်ချက်ဟာ အောင်ဘာလေထီပဲဖြစ်ပါတယ်။ အဲဒီတုန်းက အမြင့်ဆုံးထီဆုဟာ တစ်သိန်းဆုဖြစ်ပါတယ်။ ရှေးကာလက ကာတွန်းဆရာကြီးဦးဘဂျမ်း ရေးဆွဲခဲ့တဲ့ ကာတွန်းထဲကလို “သူ့လခကနည်းလို့ မပေးစားနိုင်ဘူးဆိုပြီး တစ်ခါတည်း အပြတ်မပြောလိုက်နဲ့နော် သူ့အိတ်ထဲမှာ အောင်ဆုပန်က ထိုးလာတဲ့ ထီလက်မှတ် သုံးစောင်မြင်တယ်ကွ” ဆိုသလိုပဲ သိန်းဆုပေါက်ရင် ပြည့်စုံတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။ အဲဒီခေတ်က တစ်သိန်းဆုပေါက်ခဲ့ရင် အိုးပိုင်အိမ်ပိုင်၊ ကားပိုင်ဖြစ်နိုင်ပါတယ်။

အောင်ဘာလေထီဈေးနှုန်းဟာ ခေတ်ကာလ ပြောင်းလဲလာတဲ့အလျောက် နှစ်ကျပ်တန်ကနေ၊ နှစ်ရာတန်၊ ငါးရာတန်၊ ယခု တစ်ထောင်တန်အထိ ဈေးနှုန်းပြောင်းလာခဲ့ပါတယ်။ အမြင့်ဆုံးဆုတွေကလည်း တစ်သိန်း၊ နှစ်သိန်းကနေ ဆယ်သိန်း၊ သိန်းငါးဆယ်၊ သိန်းတစ်ရာ၊ သိန်းသုံးရာမှ သိန်းငါးထောင်၊ သိန်းတစ်သောင်း၊ သိန်းတစ်သောင်းခွဲအထိ ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်က မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ နှစ်သိန်းဆုကစလို့ သိန်းသုံးရာ၊ သိန်းငါးရာ ပေါက်တဲ့သူတွေရှိခဲ့ပါတယ်။ သူတို့ဘဝတွေ သိသိသာသာ ပြောင်းလဲသွားခဲ့ကြ ပါတယ်။ ထီဝါသနာအိုး ကျွန်တော်ကတော့ ထီဆုကြီးတစ်ခါမှ မပေါက်ဖူးဘဲ တွတ်လို့ခေါ်တဲ့ နှစ်လုံး၊ သုံးလုံးတိုက် အောင်ဘာလေထီ ငါးသောင်း၊ တစ်သိန်းဆုတွေ မကြာခဏပေါက်ဖူးပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူဆိုတာဟာ “ကံထမ်းလာတာကို မမြင်ရ၊ လှံထမ်းလာတာကို မြင်ရ” ဆိုသလို ဘဝတစ်လျှောက်မှာ မမြင်နိုင်တဲ့ ကံကြမ္မာအလှည့်အပြောင်းကို မျှော်လင့်ရင်းနဲ့ အောင်ဘာလေထီကို လစဉ်မှန်မှန် ထိုးနေကြတာဖြစ်တယ်။ လူတိုင်း လူတိုင်းဟာ အတိတ်ဘဝက ကုသိုလ်ကံတွေ အနည်းအများဆိုသလိုရှိကြတယ်။ ကုသိုလ်ကံ ပေးမယ့်အချိန်ရောက်တဲ့အခါ ဒီကံကအကျိုးပေးပါတယ်။ ကောင်းတဲ့ကံ အကျိုးပေးရဖို့အတွက် အလုပ်လုပ်ကြဖို့လိုသလို ထီထိုးထားဖို့လည်းလိုပါတယ်။ ထီထိုးကြတဲ့သူတွေအနေနဲ့ ထီမပေါက် သေးပေမယ့်လည်း စိတ်မပျက်ဘဲ “ငါထိုးလိုက်တဲ့ ထီဖိုးငွေဟာ အများပြည်သူတွေ အကျိုးဖြစ်စေတယ်” ဆိုတဲ့ ကောင်းသောစိတ်စေတနာနဲ့ ထီထိုးမယ်ဆိုရင် စေတနာဟာ ရောင်ပြန်ဟပ် အကျိုးပေး မှာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရက တရားဝင်ဖွင့်လှစ်တဲ့ အောင်ဘာလေထီဟာ ထီရောင်းရငွေရဲ့ ၆၀ ရာခိုင် နှုန်းကို ထီပေါက်တဲ့သူတွေကို ပြန်လည်ခွဲဝေပေးပြီး ၄၀ ရာခိုင်နှုန်းကို နိုင်ငံ့အခွန်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းကာ ပညာရေး၊ ကျန်းမာရေးစတဲ့ အများပြည်သူအကျိုးအတွက် အသုံးပြုတယ်လို့ သိရှိရလို့ ထီထိုးလိုက်တဲ့ငွေဟာ မပေါက်ပေမယ့် လှူဒါန်းမှုပြုလိုက်သလို မွန်မြတ်ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာ ထီထိုးတဲ့ပြည်သူတွေ ပိုမိုခံစားခွင့်ရစေဖို့အတွက် ယခင်ထီလက်မှတ်ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းခွဲဝေ ပေးရာမှ ၇၀ ရာခိုင်နှုန်းအထိ ခွဲဝေပေးလိုက်လို့ ထီထိုးတဲ့သူတွေအတွက် အခွင့်အရေးတွေ ပိုရလာ မှာဖြစ်ပါတယ်။

ထီရောင်းချမှုကျဆင်းသွား

ခေတ်အဆက်ဆက်မှာ အောင်ဘာလေထီကို ပြည်သူတွေကံစမ်းကြတာ များလာတာနဲ့အမျှ ထီလက်မှတ်ဈေးနှုန်းဟာလည်း နှစ်ကျပ်တန်ကနေ တဖြည်းဖြည်းတိုးမြှင့်လာရာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်လို့ ကျပ်တစ်ထောင် တန်ထီလက်မှတ်ကို စတင်ရောင်းချပေးခဲ့ပြီး အမြင့်ဆုံးဆုမဲ ကျပ်သိန်းတစ်သောင်းခွဲ (သန်း ၁၅၀၀) အထိ တိုးမြှင့်ပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာအပြောင်း အလဲဖြစ်ပေါ်လာတဲ့ နိုင်ငံရေးကိုအကြောင်းပြုပြီး အဖျက်သမားတွေက နိုင်ငံတော်ကရောင်းချတဲ့ အောင်ဘာလေထီကို အားမပေးဖို့ လှုံ့ဆော်ကြပြီး နှောင့်ယှက်ဖျက်ဆီးမှုတွေများတာကြောင့် ထီရောင်းချမှုကျဆင်းသွားပြီး အမြင့်ဆုံးထီဆုငွေကို ကျပ်သိန်းငါးထောင်အထိ လျှော့ချခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ တရားဝင်အောင်ဘာလေထီ ရောင်းချတာနဲ့ပတ်သက်လို့ အားနည်းချက်တွေရှိ ခဲ့တယ်။ အဖျက်သမားတွေရဲ့ နှောင့်ယှက်မှုကြောင့် လက်လီရောင်းချကြတဲ့ ထီဆိုင်လေးတွေလျော့နည်းသွားတယ်။ ထီထိုးလိုတဲ့ ပြည်သူတွေ ထီဆိုင်တွေရှာဖွေရတာ အလုပ်တစ်ခုပါပဲ။ ယခင်ကတည်းက ထီလက်မှတ်ဈေးနှုန်းဟာလည်း သတ်မှတ်ဈေးနှုန်းထက် ထီဆိုင်တွေက ဈေးတင်ရောင်းလို့ ပြည်သူလူထုကြားမှာ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ ပြည်သူတွေ စိတ်အပန်းပြေစေရေး၊ တရားမဝင်လောင်းကစားလုပ်ငန်းတွေ လျှော့ချတားဆီးကာကွယ်နိုင်ရေးအတွက် အောင်ဘာလေ သိန်းဆုထီကို အခက်အခဲများကြားမှ အဆက်မပြတ် ဖွင့်လှစ်ရောင်းချပေးနေတာတွေ့ရပါတယ်။

ယခုအခါမှာ အောင်ဘာလေသိန်းဆုထီ လက်မှတ်တွေကို ပုံနှိပ်ရောင်းချတဲ့စနစ်အပြင် ပြောင်းလဲ တိုးတက်လာတဲ့ ခေတ်စနစ်နဲ့အညီ လိုက်လျောညီထွေရှိစေဖို့၊ ထီကံစမ်းသူ မိဘပြည်သူတွေ သတ်မှတ်ဈေးနှုန်းနဲ့ အလွယ်တကူကံစမ်းနိုင်စေဖို့ ရည်ရွယ်ချက်တွေနဲ့ အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်ကို အကောင်အထည်ဖော်လိုက်တာကို ထီဝါသနာရှင်တစ်ယောက်အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ရပါတယ်။ ပြည်သူတွေအနေနဲ့ မိုဘိုင်းဖုန်းတွေနဲ့ အက်ပလီကေးရှင်းအမျိုးမျိုးကို အသုံးပြုနေကြရာ အခုစတင်မိတ်ဆက်ပေးလိုက်တဲ့ အောင်ဘာလေအွန်လိုင်းသိန်းဆုထီကို အွန်လိုင်းအက်ပလီကေးရှင်းကတစ်ဆင့် အချိန်မရွေး၊ နေရာ မရွေး၊ သတ်မှတ်ဈေးနှုန်းအတိုင်း အလွယ်တကူ အဆင်ပြေစွာ ကံစမ်းနိုင်ကြပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခြားနိုင်ငံတွေနည်းတူ အီလက်ထရွန်နစ်ထီစနစ်ကို အကောင်အထည် မဖော်နိုင်မီစပ်ကြား အွန်လိုင်းထီစနစ်ကို အကောင်အထည်ဖော်ရေးအတွက် ယခင်အစိုးရများ လက်ထက်ကပင် လွှတ်တော်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ကိုတွေ့ရပါတယ်။ သို့သော်လည်း ထီဥပဒေပြဋ္ဌာန်းထားခြင်းမရှိသေးတာနဲ့ အခြားအကြောင်းအမျိုးမျိုးတွေကြောင့် ဆောင်ရွက် နိုင်ခြင်းမရှိခဲ့ပါ။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်ကျမှ စတင်အကောင်အထည် ဖော်လိုက်ပြီဖြစ်ပါတယ်။ နိုင်ငံတကာမှာ ခေတ်မီဆန်းသစ်တဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေ လုပ်ကိုင်နေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ အွန်လိုင်းထီစနစ်ကို အကောင်အထည်ဖော် လိုက်တာ ကြောင့် ထီကံစမ်းတဲ့သူတွေ စိတ်ကြိုက်ထီအက္ခရာနဲ့ ဂဏန်းတွေကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်လို့ မြို့ပြနဲ့ကျေးလက်ပြည်သူတွေအားလုံး အဆင်ပြေလွယ်ကူစွာ ထီကံစမ်းနိုင်တော့မှာ ဖြစ်ပါတယ်။

အောင်ဘာလေသိန်းဆုထီ အက်ပလီကေးရှင်း ကိုအသုံးပြုပြီး ကံစမ်းသူတွေအနေနဲ့ ထီလက်မှတ် ဝယ်ယူတာ၊ ထီဖိုးငွေပေးချေတာကစလို့ ထီပေါက်လို့ ဆုငွေထုတ်ယူတဲ့အဆင့်အထိ ရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ပြီဖြစ်တယ်။ လဆန်း ၁ ရက်နေ့ ထီဖွင့်ပွဲကျင်းပချိန်မှာလည်း ထီတိုက်ရန်မလိုတော့ဘဲ ကံထူးသူတွေရဲ့ မိုဘိုင်းတယ်လီဖုန်းတွေဆီကို SMS ပေးပို့အကြောင်းကြားလာမှာဖြစ်တယ်။ ထီပေါက်လို့ ဆုငွေထုတ်ယူရာမှာလည်း မှန်ကန် လွယ်ကူစေဖို့အတွက် ပမာဏနည်းတဲ့ ထီဆုကြေးငွေတွေကို အွန်လိုင်းကနေတစ်ဆင့် လွှဲပြောင်းပေးတာ၊ ထီကံထူးသူတွေရဲ့ ဘဏ်ငွေစာရင်းအကောင့်သို့ ပေးပို့ပေးတာတွေကို အီလက်ထရွန်နစ်နည်းလမ်းနဲ့ ဆောင်ရွက်ပေးသွားမှာလို့ သိရပါတယ်။

အောင်ဘာလေအွန်လိုင်းသိန်းဆုထီ အက်ပလီကေးရှင်းကို စတင်လိုက်နိုင်တာဟာ ဒစ်ဂျစ်တယ် နည်းပညာနဲ့ မိုဘိုင်းငွေပေးချေမှုစနစ်တွေ အသုံးပြုပြီး လွယ်ကူစွာထီကံစမ်းနိုင်တဲ့ Digital Lottery Platform စနစ်သစ်ကို စတင်မိတ်ဆက် အသုံးပြု လိုက်နိုင်ခြင်းဖြစ်တယ်။ အကျိုးဆက်အနေနဲ့ အနာဂတ်မှာ နိုင်ငံတော်အခွန်ဘဏ္ဍာ ရရှိမှုတိုးတက်ရေး၊ နိုင်ငံတော်ရဲ့ ဒစ်ဂျစ်တယ်စီးပွားရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချစေရေး (Cashless Society) အစရှိတဲ့ ကောင်းကျိုးများစွာတို့ကို အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။

အွန်လိုင်းသိန်းဆုထီစနစ်

အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ် စတင်ခြင်းဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “စနစ်သစ်တစ်ခုကို ပြောင်းလဲဖော်ဆောင်ရာတွင် နိုင်ငံတော်ကို ကိုယ်စားပြုဆောင်ရွက်ရသည့် အတွက် အလွန်တာဝန်ကြီးမားလှပါကြောင်း၊ နိုင်ငံတော်အတွက် အသစ်စတင်မိတ်ဆက် နိုင်ခဲ့သည့် ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်ဖြစ်သည့် အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင်မြင်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း” ပြောကြားခဲ့ပါတယ်။

မိဘပြည်သူတွေရဲ့ မျှော်လင့်ချက်တစ်ခု ပြည့်ဝခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်က ခေတ်စားတဲ့ ရုပ်ရှင်မင်းသား ကျော်ဟိန်းဆိုခဲ့သလို “နှစ်ကျပ်ဖိုးနဲ့သိန်းထီထိုး တော်ကြာသူများဦးသွားမှာစိုး” လိုမဖြစ်တော့ပါဘူး။ မိဘပြည်သူတွေ တစ်လတစ်ခါ ထီကံစမ်းဖို့အတွက် ပင်ပင်ပန်းပန်း သွားရောက်ရှာဖွေတာ၊ ဈေးနှုန်းပိုပေးတာတွေ မဖြစ်တော့ဘဲ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ပေးလိုက်တဲ့ အောင်ဘာလေ အွန်လိုင်းသိန်းဆုထီကို မိမိတို့လက်ကိုင်ဖုန်းကို အလွယ်တကူအသုံးပြုပြီး ကံစမ်းနိုင်ကြပြီဖြစ်ပါတယ်။

ထီဝါသနာအိုး ကျွန်တော်အဖို့တော့ အခုလာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာဖွင့်လှစ်မယ့် အောင်ဘာ လေအွန်လိုင်းသိန်းဆုထီကို မိမိလက်ကိုင်ဖုန်းကို အသုံးပြုပြီးတော့ စိတ်ကြိုက်အက္ခရာတွေ၊ စိတ်ကြိုက်နံပါတ်တွေကို စိတ်အေးလက်အေး ရှာဖွေတော့မယ်။ မိဘပြည်သူတွေအနေနဲ့လည်း မိမိတို့ရဲ့မျှော်လင့်ချက်ဆန္ဒတွေ အကောင်အထည်ပေါ်လာစေဖို့ “အောင်ဘာလေအွန်လိုင်း သိန်းဆုထီကို ကံစမ်းကြပါစို့” လို့ အသိပေးနှိုးဆော်လိုက်ရပါတယ်။ ။

No comments:

Post a Comment