ပြည်သူများအတွက် နေ့စဉ်လူမှုဘဝလိုအပ်ချက်မှာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသင့်တင့်စွာဖြင့် အဆင်ပြေလွယ်ကူစွာ ဝယ်ယူစားသောက်ရေး ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေမြေသဘာဝ၊ ရေခံမြေခံကောင်းများရှိပြီးဖြစ်၍ ပြည်သူများစားရေးအတွက် နေ့စဉ်လိုအပ်သည့် စားရေရိက္ခာများကို စိုက်ပျိုး မွေးမြူရေးကဏ္ဍမှ လုံလောက်စွာထုတ်လုပ်ရောင်းချပေးလျက်ရှိသည်။
သို့သော် သား၊ ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်မှအစ
စားသောက်ကုန်ပစ္စည်းအမျိုးမျိုးတို့မှာ လက်ရှိတွင်
ဈေးနှုန်းများမြင့်တက်လာသည်ကိုတွေ့ရှိရသည်။ အကြောင်းရင်းမှာ အဆင့်ဆင့်သောသယ်ယူပို့ဆောင်စရိတ်များနှင့်
အဆင့်ဆင့်သောပြန်လည်ရောင်းချသည့် ဈေးနှုန်းများပိုလာသဖြင့် စားသုံးသူလက်ဝယ်တွင်
ဈေးနှုန်းများ လိုသည်ထက်ပိုမိုများလာသည်ကိုတွေ့ရသည်။ သာဓကအားဖြင့် ရန်ကုန်မြို့တော်သို့
ရှမ်းပြည်နယ်(တောင်ပိုင်း) အေးသာယာမှကြက်ဥများ၊ ပဲခူးတိုင်းဒေသ ကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှ
ဘဲဥများတင်ပို့ရောင်းချရာတွင် ကျသင့်နိုင်သည့် သယ်ယူပို့ဆောင်စရိတ်များထက် စားသုံးသူသို့ပြန်လည်ရောင်းချပေးသည့်
ဈေးနှုန်းများမှာ များစွာကွာခြားနေသည်ကိုတွေ့ရသည်။
ထုတ်လုပ်ရောင်းချသည့်ဈေးနှုန်းနှင့်သယ်ယူပို့ဆောင်စရိတ်ထက်
လက်လီ၊ လက်ကား ပြန်လည်ရောင်းချသောဈေးနှုန်းများ ပိုမိုတင်၍ရောင်းချကြသဖြင့်
စားသုံးသူပြည်သူများမှာ ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူစားသုံးနေရသည်။ အမှန်တကယ်တွင်
ပင်ရင်းဈေးနှုန်းနှင့်သယ်ယူပို့ဆောင်စရိတ်ထပ်ပေါင်းပြီး သင့်တင့်
လျောက်ပတ်သောအမြတ်အစွန်းဖြင့် ရောင်းချမှသာ သမ္မာအာဇီဝကျပေမည်။ ထို့ကြောင့်
စားသောက်ကုန်ဈေးနှုန်းများ ထိုက်သင့်သည့်ဈေးနှုန်းထက် ပိုမိုဈေးတင်
ရောင်းချနေမှုများကို စိစစ်ကြပ်မတ်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို
ဒေသအလိုက်ပိုမိုထုတ်လုပ်နိုင်ရန် နိုင်ငံတော်အစိုးရက လုပ်ငန်းရှင်များနှင့်အတူ
စီစဉ်ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၊
၂၆ မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၊ တွံတေးမြို့နယ်ရှိ ရွှေမုယင်းငါးကန်၊
ငွေ ပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းတို့အပြင် အခြားစိုက်ပျိုးမွေးမြူရေးဇုန်များနှင့်
ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများရှိသည်။ အလားတူ အခြားပြည်နယ်နှင့်
တိုင်းဒေသကြီးများတွင်လည်း စိုက်ပျိုးမွေးမြူရေးဇုန်များနှင့်
ပုဂ္ဂလိကစိုက်မွေးလုပ်ငန်းများရှိသည်။ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို
မိမိတို့ဒေသများတွင် လုံလောက်အောင် စိုက်ပျိုးမွေးမြူထုတ်လုပ်ရောင်းချခြင်းဖြင့်
အဆင့်ဆင့်သော ကုန်ကျစရိတ်များ သက်သာမည်ဖြစ်သည်။ မိမိတို့ဒေသတွင်
ထွက်ရှိမှုမလုံလောက်သဖြင့် အခြားဒေသများမှတစ်ဆင့် ဝယ်ယူရောင်းချခြင်းဖြင့်
ထုတ်လုပ်မှုကုန်ကျ စရိတ်အပြင် သယ်ယူပို့ဆောင်ရေးစရိတ်များနှင့်
တစ်ဆင့်ပြန်လည်ဝယ်ယူရောင်းချ မှုများကြောင့် စားသောက်ကုန်ဈေးနှုန်းများ
မြင့်မားလာခြင်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဒေသအလိုက်ကွင်းဆင်း၍
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များဒေသတွင်း၌ ဖူလုံပိုလျှံအောင်ထုတ်လုပ်နိုင်ရေး
တွန်းအားပေးဖြည့်ဆည်း ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ပြည်သူ လူထုအနေဖြင့်
အခြေခံစားသောက်ကုန်ပစ္စည်းများကို နေ့စဉ်မဖြစ်မနေ ဝယ်ယူစားသုံးနေရသောကြောင့် အခြေခံစားကုန်များ
ဈေးနှုန်းမြင့်မားမှုမရှိစေရေးကို နိုင်ငံတော်အစိုးရက
ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် တိရစ္ဆာန်အစာများနှင့် ဓာတ်မြေဩဇာလိုအပ်ချက်ကို
ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်နိုင်သည်။
ထိုသို့ထုတ်လုပ်နိုင်ခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ
လျော့နည်းသက်သာလာမည်ဖြစ်သည်။
အထူးသဖြင့် လူဦးရေထူထပ်များပြားသော
ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်မခံရစေရေးအတွက်
ဒေသအတွင်းရှိ ကုန်ထုတ်စွမ်းအားများဖြင့် ဆောင်ရွက်ရန်နှင့် ပြည်ပမှတင်သွင်းမှုကို
သက်သာသောဈေးနှုန်း များဖြင့်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အချို့ဒေသများတွင်
သက်ဆိုင်ရာ အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဈေးများတွင် နေ့စဉ်ဒေသထွက် ဆန်၊ ဆီ၊ ငါး၊
ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့်ဟင်းသီးဟင်းရွက်များကို
လက်လီအဆင့်ဆင့်မရှိဘဲ ဒေသခံပြည်သူများ သက်သာသောနှုန်းထားဖြင့် ကိုယ်တိုင်
စိုက်ပျိုး၊ ကိုယ်တိုင်မွေးမြူထုတ်လုပ်သူများမှ တိုက်ရိုက်ရောင်းချပေးလျက်ရှိ၍
ပြင်ပဈေးနှုန်းများထက် များစွာသက်သာသဖြင့် ဒေသခံပြည်သူများ စိတ်ချမ်းသာ
အဆင်ပြေနေကြသည်။
သို့ဖြစ်ရာ ပြည်သူများ နေ့စဉ်စားသုံးနေသည့်
စားသောက်ကုန်များ အဆင်ပြေ လွယ်ကူစွာသက်သာသောဈေးနှုန်းများဖြင့်ဝယ်ယူနိုင်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
ဒေသအလိုက်အထွက်တိုးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်ဒေသအလိုက်
ကိုယ်တိုင်စိုက်ပျိုးမွေးမြူသူများက ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်အောင်
စေတနာထားဆောင်ရွက်ပေးနေမှုများကို ကြိုဆိုလိုက်ရပါကြောင်း။ ။
No comments:
Post a Comment