Wednesday, June 7, 2023

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၉ နာရီအချိန်က အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၊ ပြည်ထောင်စုခန်းမတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၊ ကျောင်းသား၊ ကျောင်းသူလေးများက “ဒို့ချစ်တဲ့သိပ္ပံ” သီချင်းသီဆို၍အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့‌နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းဖွင့်အမှာစကား ပြောကြားရာ နိုင်ငံတော်၏အားကစားအောင်မြင်ရေးအတွက် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမား လူငယ်မောင်မယ်များကို ရှာဖွေဖော်ထုတ် လေ့ကျင့်ပေးမှုသည်လည်း အရေးကြီးပြီး၊ အခြေခံကျသည့် အခန်းကဏ္ဍတစ်ခုပင်ဖြစ်ကြောင်း လူငယ်များသည်တိုင်းပြည်၏ အနာဂတ်ဖြစ်ပြီး လူငယ်တွေတော်ရင်တော်သလို တိုင်းပြည်တိုးတက်မှာဖြစ်သည့်အတွက် “ဆရာကောင်း တပည့်ပန်းကောင်းပန်” ဆိုသော ဆောင်ပုဒ်နှင့်အညီ ထူးချွန်ထက်မြက်သော တပည့်များဖြစ်အောင် ပြုစုပျိုးထောင်ကြရန် ဆရာ၊ ဆရာမများတွင် အဓိက တာဝန်ရှိကြောင်း၊ လူငယ်များအနေဖြင့်လည်း ဆရာများ၏ သင်ကြားပြသဆိုဆုံးမမှုများကို မြေဝယ်မကျနားထောင်ပြီး ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်များဖြစ်အောင် ကြိုးစားကြရမှာဖြစ်သလို နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မယ့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေဖြစ်အောင် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်စွာဖြင့် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ကြရန်ပြောကြားသည်။

၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်း၏ ရန်ပုံငွေသို့‌ထောက်ပံ့ငွေများပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေတို့က လက်ခံရယူသည်။

ထို့နောက် အလှူရှင်များကအလှူငွေများပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ‌တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

၎င်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား၊ ကျောင်းသူများက Myanmar Fitness Dance၊ ကရာတေး၊ မြန်မာသိုင်း၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား အားကစားနည်းများဖြင့် သရုပ်ပြဖျော်ဖြေကြသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် မြန်မာ့သိုင်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူတစ်ဦးတို့က သရုပ်ပြဖျော်ဖြေ ကြသော ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အားကစားနည်းအလိုက်ပြသထားသည့် အားကစားပစ္စည်းများ၊ ဝတ်စားဆင်ယင်မှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)

No comments:

Post a Comment