နေပြည်တော် ဇွန် ၅
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးခွဲသို့သွားရောက်၍ မိုခါမုန်တိုင်းဒဏ်ကြောင့် ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ပျက်စီးမှုအခြေအနေကိုကြည့်ရှုပြီး ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ ရုံးလုပ်ငန်းများ အရှိန်အဟုန်မပြတ် စနစ်တကျ ဆောင်ရွက်ကြရေး မှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ အားပေးစကား ပြောကြားခဲ့သည်။
လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ရှိ Hotel Memory ၌ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွား အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုတယ်များမှ လုပ်ငန်းရှင်များ၊ တာဝန်ခံများနှင့် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိုခါမုန်တိုင်းဒဏ် ကြောင့် စစ်တွေမြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ချို့ယွင်းပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိ အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း အလျင်အမြန် ပြန်လည်တိုးတက်လာစေရေး မဟာဗျူဟာကို ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာ ရေးအတွက် လုပ်ငန်းမြှင့်တင်လျက်ရှိပါကြောင်း၊ ခရီးသွားဧည့်သည်များ လာရောက်ကြရာတွင် အဆင်သင့်ဖြစ်နေစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင် စားနိုင်မည့် သဘာဝပတ်ဝန်းကျင်ကောင်းများ ပိုင်ဆိုင်ထားသော ဒေသဖြစ်သည့်အတွက် မိမိဒေသဖွံ့ဖြိုးတိုးတက်အောင် ဒေသခံများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
အဆင်သင့်ဖြစ်ရန် ပြင်ဆင်
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ရခိုင်ပြည်နယ်အတွင်းရှိ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ခရီးသွားဧည့်သည်များ လာရောက်ရာတွင် အဆင်သင့်ဖြစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်နိုင်မှု အခြေအနေ၊ မြှင့်တင်ကြော်ငြာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသူများက လိုအပ်သည်များ ဆွေးနွေးတင်ပြကြကာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဟိုတယ်များ ဖွင့်လှစ်လုပ်ကိုင်မှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ၏ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြင်ဆင် ဆောင်ရွက်နေမှုနှင့် ဟိုတယ်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment