Friday, June 9, 2023

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပုသိမ် ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ (၁) ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၇ နေ့ညနေပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။




ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “သွေးလွန်တုပ်ကွေးရောဂါသည် နှစ်စဉ်ကျောင်းဖွင့်ကာလမတိုင်မီ ဖြစ်ပွားလေးရှိသည်ကိုတွေ့ရှိရပါကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား ၊ကျောင်းသူများနှင့် ပြည်သူများသွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရန်အတွက် ရပ်ကွက်၊ ကျေးရွာများ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာကောင်း မွန်စေရေး၊ ခြုံ နွယ်များရှင်းလင်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း များကို အလေးထား တိုက်တွန်းဆောင်ရွက်ခဲ့ပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ၊ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သွေးလွန်တုပ်ရောဂါဖြစ်ပွားလာခဲ့ပါက အချိန်မီသတင်းပို့နိုင်ရေး၊ ကုသနိုင်ရေးနှင့် ဖြစ်ပွားခဲ့သည့်နေရာများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်နည်းများနှင့်အညီ ရှင်းလင်းဆောင်ရွက်ခြင်း လုပ်ငန်းများစနစ်တကျ ဆောင်ရွက်ကြရန် လိုပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများအား လူထုလှုပ်ရှားမှုဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်ကြရန်နှင့် ခရိုင်များအလိုက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးနှင့်ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များရှင်းလင်းတင်ပြကြရန်နှင့် လိုအပ်သည်များတင်ပြပေးကြရန်” မှာကြားဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးများမှခရိုင်အလိုက် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသောကြသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရပ်ကွက်၊ ကျေးရွာများ၊ စာသင်ကျောင်းများ၊ မူလတန်းကြိုကျောင်းများပါ ရေစီးရေလာကောင်းမွန်စေရေး၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများအား မြန်မြန်ထက်ထက်ဆောင်ရွက်စေရန်၊ ပညာပေးလုပ်ငန်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ကျယ်ကျယ်ပြန်ပြန့်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

 

No comments:

Post a Comment