Thursday, June 22, 2023

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှ ဆောင်ရွက်ချက်များ

 



တွေ့ဆုံမေးမြန်း- ဝင်းဝင်း

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန Disaster Management Center- DMC)သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါလုပ်ငန်းကော်မတီများသည် DMC တွင် စုဖွဲ့ကာ မိုခါမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းကော်မတီ ၁၂ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကော်မတီအတွင်းရေးမှူး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်။

 

 




မေး။ ။ မိုခါမုန်တိုင်းမဖြစ်ပွားမီ ကျန်းမာရေး

ကဏ္ဍအနေနဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတွေကို ပြောပြပေးစေလိုပါတယ်ရှင့်။

ဖြေ။ ။ကျန်းမာရေးဝန်ကြီးဌာနက မိုးတွင်းကာလနီးလာပြီဆိုရင် မိုးတွင်းကာလမှာ ဖြစ်ပေါ်နိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် ကျန်းမာရေးကဏ္ဍဆိုင်ရာကြိုတင်ပြင်ဆင်ခြင်း၊ သဘာဝဘေးအန္တရာယ်တွေဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်ခြင်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်လေ့ရှိပါတယ်။

ယခုနှစ်မိုးရာသီအတွက် ကြိုတင်ပြင်ဆင်ခြင်းအနေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက်မှာ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ဦးစီးဌာနအသီးသီးက ကော်မတီဝင်တွေပါဝင်ပြီး သဘာဝဘေးအန္တရာယ်တွေကျရောက်လာရင် အဆင်သင့်ဖြစ်စေရေး စွမ်းအားစုတွေကို ဆန်းစစ်ပြီး လိုအပ်တာတွေကို အသင့်ပြင်ဆင်ထားရှိဖို့၊ အရေးပေါ်ဆက်သွယ်မှုလမ်းကြောင်း ဖွင့်လှစ်ထားရှိဖို့၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေကို တုံ့ဆိုင်းမှုမရှိ ဆောင်ရွက်နိုင်ဖို့ ဇာတ်တိုက်လေ့ကျင့်မှုတွေကို စဉ်ဆက်မပြတ် လေ့ကျင့်ထားဖို့၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ နှီးနွှယ်ဌာနတွေ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ Coordination Mechanism ကို ခိုင်မာအောင် ဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့ပါတယ်။

ဧပြီလအတွင်းမှာပဲ သဘာဝဘေးနဲ့ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်ပွားလာရင် ကူးစက်ရောဂါဖြစ်ပွားမှုအပါအဝင် လိုအပ်တဲ့ကျန်းမာရေး သတင်းအချက်အလက်တွေကို စောစောစီးစီး ရယူနိုင်ဖို့နဲ့ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ တိုင်းဒေသကြီး/ပြည်နယ်တွေက ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် Early Warning, Alert and Response System(EWARS) (စောစီးစွာသတင်းရယူခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းစနစ်) သင်တန်းကိုဖွင့်လှစ်ပြီး သင်ကြားပို့ချခဲ့ပါတယ်။

နောက်ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍအနေနဲ့ မေ ၅ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကုသရေးဦးစီးဌာနတွေက တာဝန်ရှိသူတွေနဲ့ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ အသင့်အနေအထားအခြေအနေအတွက် လိုအပ်တာတွေကို ပြည်နယ်တစ်ခုချင်း၊ တိုင်းဒေသကြီးတစ်ခုချင်းအလိုက် အသေးစိတ်လမ်းညွှန်တဲ့ ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါဝင်ရောက်မှာကို သိရ တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မေ ၇ ရက်ကစပြီး ကျန်းမာရေးဝန်ကြီးဌာနမှာ ပြည်သူ့ကျန်းမာရေးအရေးပေါ် စီမံခန့်ခွဲမှုဗဟိုဌာန (Public Health Emergency Operations Centre- PHEOC)ကို ၂၄ နာရီဖွင့်လှစ်ပြီး တာဝန်ချထားခဲ့ပါတယ်။ မိုခါမုန်တိုင်းဖြစ်ပွားပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်တန့်မှုမရှိဘဲချက်ချင်း ဆောင်ရွက်ပေးနိုင်ဖို့ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်၊ ဆေးနဲ့ဆေးပစ္စည်း၊ ကျန်းမာရေးဆိုင်ရာ စက်ပစ္စည်းကိရိယာ စတာတွေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုအနေနဲ့ စီမံခန့်ခွဲမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။

မေး။      ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ပြင်ဆင်ထားရှိမှုကို သိလိုပါတယ်။

ဖြေ။ ။ အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာန(PHEOC) ကို စတင် Activate လုပ်တဲ့ မေ ၇ ရက်မှာပဲ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတွေနဲ့ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ သဘာဝဘေးဖြစ်ပွားလာပါက ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အထူးကုဆေးအဖွဲ့တွေ၊ ဆေးအဖွဲ့တွေ၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေ ကြိုတင်ဖွဲ့စည်းထားရှိမှု၊ ဆေးနဲ့ဆေးပစ္စည်းတွေကို ဘေးကင်းရာနေရာကို ကြိုတင်ပို့ဆောင်ထားရှိမှု၊ ကျန်းမာရေးဌာန အဆောက်အအုံတွေ၊ ဆေးရုံသုံးစက်ပစ္စည်းတွေ၊ ဆေးနဲ့ဆေးပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှု နည်းပါး စေရေး ကြိုတင်ပြင်ဆင်ထားရှိမှုတွေကို ဆွေးနွေးခဲ့ပါတယ်။ လူနာတွေ၊ ဝန်ထမ်းတွေ၊ သူနာပြု သားဖွားသင်တန်းကျောင်းတွေက သင်တန်းသားသင်တန်းသူတွေကို ဘေးလွတ်ရာကြိုတင် ရွှေ့ပြောင်းထားဖို့၊ မုန်တိုင်းကျရောက်ပြီး ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အမြန်ဆုံး ပြန်လည်စတင်နိုင်ရေးကြိုတင်ပြင်ဆင်ထားရှိဖို့နဲ့ လိုအပ်နိုင်တဲ့ဆေးတွေ ကြိုတင်ဝယ်ယူထားဖို့ စတာတွေကို ဆွေးနွေးမှာကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး ဗဟိုအဖွဲ့နဲ့နံနက်ပိုင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွေပါဝင်ပြီး ညနေပိုင်း နေ့စဉ်အစည်းအဝေးတွေ ပြုလုပ်ပြီး မိုခါ မုန်တိုင်းဖြစ်ပွားလာရင် ကျန်းမာရေးကဏ္ဍက မြေပြင်မှာ အမှန်တကယ်အဆင်သင့်ဖြစ်စေဖို့ ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။

အထူးသဖြင့် မေ ၁၀ ရက်မှ ၁၃ ရက်အထိမှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေက ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးတွေနဲ့ virtual စနစ်နဲ့တွေ့ဆုံပြီး မုန်တိုင်းမကျရောက်မီ ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်ရမယ့်လုပ်ငန်းစဉ်တွေကို အသေးစိတ်ဆွေးနွေးပြီး ဆောင်ရွက်ရမယ့်လုပ်ငန်း၊ လိုအပ်တဲ့အရင်းအမြစ်၊ ဆေးနဲ့ဆေးပစ္စည်း၊ ရန်ပုံ ငွေစတာတွေကို ဖြည့်ဆည်းပြီး ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သုံးသပ်ပြီး လိုအပ်တာတွေကို လမ်းညွှန်မှာကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မုန်တိုင်းအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကျန်းမာရေးဝန်ကြီးဌာနကိုလာရောက်ပြီး မုန်တိုင်းအတွက် ပူးပေါင်းဆောင်ရွက်ရမယ့်အရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကုသသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ကလည်း မုန်တိုင်းအတွက် လိုအပ်တဲ့ ဆေးနဲ့ဆေးပစ္စည်းတွေကို ကူညီပံ့ပိုးကြပါတယ်။

ဆေးတက္ကသိုလ်တွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်တွေက အထူးကုဆရာဝန်တွေပါဝင်တဲ့ ဆေးအဖွဲ့ ၁၈ ဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်တွေက ဆရာဝန်တွေခေါင်းဆောင်တဲ့ ဆေးကုသရေးအဖွဲ့ ၁၁ ဖွဲ့၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းမှ ဆေးကုသရေးအဖွဲ့ ၁၆ ဖွဲ့၊ စိတ်ကျန်းမာရေး အထူးကုအဖွဲ့လေးဖွဲ့နဲ့ မျက်စိအထူးကုဆေးအဖွဲ့လေးဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တွေက ဆရာဝန် သို့မဟုတ် ကျန်းမာရေးမှူး ဦးဆောင်တဲ့ RRT အဖွဲ့ပေါင်း ၄၆ ဖွဲ့နဲ့ ဗဟိုမှ RRT ရှစ်ဖွဲ့ စုစုပေါင်း ၅၄ ဖွဲ့တို့ကို အဆင်သင့်ဖွဲ့စည်းပြီး မုန်တိုင်းသင့်ဒေသတွေကို စေလွှတ်နိုင်မယ့် အစီအစဉ်တွေ အလှည့်ကျ အချိန်ဇယား ကြိုတင်ရေးဆွဲထားခဲ့ပါတယ်။

အနောက်တိုင်းဆေးပညာအပြင် တိုင်းရင်းဆေးပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ Mobile Team တွေ ဖွဲ့စည်းထားရှိခဲ့ပါတယ်။ ဗဟိုက ပြည်သူ့ကျန်းမာရေးအထူးပြုတွေပါဝင်တဲ့အဖွဲ့ကို ကြိုတင်စေလွှတ်ထားခဲ့တဲ့အပြင် ဆေးတက္ကသိုလ်-၁ (ရန်ကုန်)နဲ့ ဆေးတက္ကသိုလ်-၂ (ရန်ကုန်)တို့က အထူးကုဆရာဝန်တွေပါဝင်တဲ့ ဆေးအဖွဲ့နှစ်ဖွဲ့ကို ပြည်သူ့ဆေးရုံကြီး-စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီး- ပြည်မြို့နဲ့ ဆေးတက္ကသိုလ်-မကွေးက အထူးကုတွေပါဝင်တဲ့ ဆေးအဖွဲ့တစ်ဖွဲ့ကို ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့ကို ကြိုတင်စေလွှတ်ထားခဲ့ပါတယ်။

မုန်တိုင်းအန္တရာယ် ကျရောက်နိုင်ခြေရှိတဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ ဆေးနဲ့ဆေးပစ္စည်းတွေ ကြိုတင်ပို့ဆောင်ထားရှိပါတယ်။ Disaster Kits ၊ IHEK Kits၊ Hygiene Kits၊ ရေသန့်ဆေးပြား၊ ဓာတ်ဆားထုပ်၊ ဗီတာမင်အားဆေး ၊ Life straw community water filter၊ အသက်ကယ်အင်္ကျီ၊ Emergency Light နဲ့ အိမ်သာခွက်နှင့် အိမ်သာပိုက်အစရှိတာတွေ ရခိုင်ပြည်နယ်ကို မုန်တိုင်းမတိုက်ခတ်မီကပင် ကြိုတင်ပို့ဆောင်ထားရှိခဲ့ပါတယ်။

အရေးပေါ်ဆေးဝါးတွေပါဝင်တဲ့ မြို့နယ်နဲ့တိုက်နယ်ဆေးရုံသုံး Emergency Medicine Kit တွေ၊ Trauma Kit တွေကို သက်ဆိုင်ရာဆေးရုံတွေအလိုက် ကြိုတင်ပြင်ဆင်ထားရှိခဲ့တဲ့အပြင် အထူးကုဆေးအဖွဲ့တွေ ကွင်းဆင်းရာတွင် အသုံးပြုနိုင်မယ့် ဆေးဝါးတွေပါဝင်တဲ့ Tour Kit တွေ၊ အရေး ပေါ်တုံ့ပြန်ရေးအဖွဲ့တွေအတွက် Disaster Kit တွေကိုလည်း တစ်ပါတည်း အဆင်သင့်ပြင်ဆင်ထားပြီး ပို့ဆောင်ခြင်း၊ အရန်စုဆောင်းထားရှိခြင်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

စက်သုံးဆီကြိုတင်စုဆောင်းစေတာ၊ အသုံးပြုနိုင်မယ့်အုပ်ချုပ်မှုယာဉ်၊ လူနာတင်ယာဉ်စာရင်း ကြိုတင်စုဆောင်းကောက်ခံပြီး Mobilize လုပ်နိုင် အောင် စီစဉ်ဆောင်ရွက်တာတွေကို မုန်တိုင်း မတိုက်ခတ်မီ ဆောင်ရွက်ခဲ့ကြပါတယ်။

အဆောက်အအုံတွေရဲ့ ခံနိုင်ရည်ရှိမှုအပေါ်မူတည်ပြီး အဆင့်သုံးဆင့်ခွဲပြီး အန္တရာယ်ရှိနဲ့ အသင့်အတင့် အဆောက်အအုံတွေက လူနာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအား စိတ်ချရတဲ့ နေရာကို ရွှေ့ပြောင်းစေတာ၊ ဆေးရုံနဲ့ ကျန်းမာရေးဌာနအဆောက်အအုံတွေ ပျက်စီးမှုမရှိစေရေး နည်းပါးစေရေးအတွက် ထိခိုက်နိုင်တဲ့ သစ်ပင် သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။

ဆေးရုံ/ဆေးခန်း/ ကျန်းမာရေးဌာနတွေမှာ ဆေးနဲ့ဆေးပစ္စည်းတွေ၊ စက်ပစ္စည်းတွေ (CT Scan၊ X-ray ၊ Ultrasound စသည်)၊ မော်တော်ယာဉ်တွေ၊ ဓာတ်ခွဲခန်းသုံးယာဉ်စသည်တို့ကို မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုမရှိစေရေးအတွက် ကြိုတင်ရွှေ့ပြောင်းမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဒီလိုကြိုတင်ပြင်ဆင်မှုတွေ အားကောင်းခဲ့တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ ထိခိုက်သေဆုံးမှုမရှိခဲ့ပါဘူး။ ဆေးနဲ့ ဆေးပစ္စည်းတွေ၊ ဆေးရုံသုံးစက်ပစ္စည်းတွေ၊ ကာကွယ်ဆေးတွေလည်း ပျက်စီးဆုံးရှုံးမှု မရှိခဲ့ပါဘူး။ ကျန်းမာရေးလုပ်ငန်းတွေကို ရပ်တန့်မှုမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ခဲ့ပါတယ်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ(၁)၊ ဒုတိယဥက္ကဋ္ဌ(၂)တို့ဦးဆောင်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မေ ၈ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီကိုယ်စား အတွင်းရေးမှူးက အခြားကော်မတီတွေနဲ့ ပူးပေါင်းပြီး နေ့စဉ် လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ခဲ့တာ ယနေ့အထိ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ အစီရင်ခံတင်ပြတာ၊ အခြားကော်မတီတွေနဲ့ ညှိနှိုင်းပြီး လုပ်ငန်းတွေဆောင်ရွက်တာ၊ အထူးသဖြင့် ဆေးနဲ့ ဆေးပစ္စည်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ရခိုင်ပြည်နယ်ကို တပ်မတော်လေယာဉ်တွေ၊ ပြည်တွင်းလေကြောင်းလိုင်းတွေ၊ ရေယာဉ်တွေနဲ့ ပို့ဆောင်တာတွေ၊ မုန်တိုင်းအန္တရာယ်ကြောင့် ကျန်းမာရေးကဏ္ဍ ပျက်စီးဆုံးရှုံးမှုစာရင်းတွေကို ကောက်ယူတာ၊ တင်ပြတာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ။ ဒီလိုကြိုတင်ပြင်ဆင်ရာမှာ ဝန်ထမ်းတွေနဲ့ လူနာတွေအတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ဘယ်လိုဆောင်ရွက်ထားရှိတယ်ဆိုတာလည်း သိရှိလိုပါတယ်။

ဖြေ။     ။ ဝန်ထမ်းတွေနဲ့ လူနာတွေအတွက် ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် အနည်းဆုံးနှစ်ပတ်စာ သောက်ရေသန့်တွေ ကြိုတင်ဝယ်ယူထားခြင်း၊ သုံးရေကြိုတင် စုဆောင်းထားခြင်းနဲ့ ကော်ဖီထုပ်၊ ခေါက်ဆွဲခြောက်၊ မုန့်စတဲ့ စားသောက်စရာရိက္ခာတွေ ကြိုတင်ဝယ်ယူ စုဆောင်းခြင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အခြားလိုအပ်ချက်တွေရှိခဲ့ရင် ဖြည့်ဆည်းပေးနိုင်ဖို့ ရခိုင်ပြည်နယ်နဲ့ မြို့နယ်တွေကို နိုင်ငံတော် ရန်ပုံငွေထပ်မံချထားပေးခဲ့တဲ့အတွက် စားရေရိက္ခာနဲ့ အခြားလိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။

မေး။ ။ မုန်တိုင်းတိုက်ခတ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ထားရှိမှုကိုလည်း သိရှိလိုပါတယ်။

ဖြေ။     ။ ကျန်းမာရေးကဏ္ဍအနေနဲ့ မုန်တိုင်းတိုက်ခတ်ပြီးနောက် တုံ့ပြန်ဆောင်ရွက်ခြင်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တစ်ပြိုင်နက်ဆောင်ရွက်လျက်ရှိရာ ဆေးကုသမှုပေးခြင်းအပါအဝင် ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှု၊ ကူးစက်ရောဂါမဖြစ်အောင် ကာကွယ်ထိန်းချုပ်နိုင်မှု၊ ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးပေးနိုင်မှု၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးနိုင်မှု၊ ကျောင်းကျန်းမာရေးဆောင်ရွက်နိုင်မှု၊ ပျက်စီးမှုတွေအတွက် ပြန်လည်ပြင်ဆင်နိုင်မှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီးတဲ့နောက် ကျန်းမာရေးကဏ္ဍအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ရပ်တန့်သွားမှုမရှိစေဘဲ ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။ မုန်တိုင်းပြီးပြီးချင်းမှာပဲ ကြိုတင်စေလွှတ်ထားတဲ့ အထူးကုဆေးအဖွဲ့တွေအနေနဲ့ ဒေသခံကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ မုန်တိုင်းသင့်ဒေသ တွေဖြစ်တဲ့ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဆေးကုသမှုတွေကို ပါဝင်ဆောင်ရွက်ပေးနိုင်သလို ပြည်သူ့ကျန်းမာရေး အထူးပြုဗဟိုအားဖြည့်အဖွဲ့ကလည်း ကာကွယ်ဆေးတွေ ထားသိုနေရာမှာ လျှပ်စစ်မီး အဆက်မပြတ်ရရှိစေဖို့အပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ခဲ့ကြပါတယ်။

ဒါ့အပြင် ဆေးတက္ကသိုလ်တွေက ကြိုတင်ဖွဲ့စည်းထားတဲ့ အထူးကုဆေးအဖွဲ့၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းက ဆေးအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်တွေက အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေ ရခိုင်ပြည်နယ်ကို အလှည့်ကျစေလွှတ်ပြီး နယ်မြေခံကျန်းမာရေး ဝန်ထမ်းတွေနဲ့ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တွေမှာ ဆေးကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဒေသခံပြည်သူတွေကို ကျေးရွာအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရေသန့်ဆေးပြားများ ဖြန့်ဝေပေးခြင်း၊ ရေတွင်း၊ ရေကန်တွေကို ကလိုရင်းဆေးခတ်ခြင်း၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးက စေလွှတ်ထားတဲ့ မျက်စိအထူးကုဆေးအဖွဲ့ကလည်း စစ်တွေမြို့မှာ မျက်စိကျန်းမာရေးစောင့်ရှောက်မှုနဲ့ မျက်စိခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ကာကွယ်ဆေးတွေ အအေးလမ်းကြောင်းမပျက် ထိန်းသိမ်းနိုင်မှုဆန်းစစ်ဖို့နဲ့ အအေးလမ်းကြောင်း ထိန်းသိမ်းတဲ့ ရေခဲသေတ္တာနဲ့ ဆက်စပ်ပစ္စည်းတွေ ပျက်စီးမှုကို ဆန်းစစ်ပြီး လိုအပ်ပါက ချက်ချင်းအစားထိုး လဲလှယ်တပ်ဆင်ပေးနိုင်ရေးအတွက် အင်ဂျင်နီယာအဖွဲ့ကို မုန်တိုင်းတိုက်ခတ်ပြီး ၄၈ နာရီအတွင်း တပ်မတော်လေယာဉ်နဲ့ ပို့ဆောင်ပေးနိုင်ခဲ့ပြီးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အအေးလမ်းကြောင်း ထိန်းသိမ်းတဲ့ရေခဲသေတ္တာနဲ့ ဆက်စပ်ပစ္စည်းတွေပျက်စီးမှုရှိခဲ့ရင် အစားထိုးလဲလှယ်တပ်ဆင်နိုင်ဖို့ အအေးလမ်း ကြောင်းထိန်းသိမ်းတဲ့ ရေခဲသေတ္တာနဲ့ ဆက်စပ်ပစ္စည်းတွေကို ရန်ကုန်မှ စစ်တွေမြို့ကို ရေယာဉ်တွေနဲ့ သယ်ဆောင်ပေးတဲ့အတွက် စစ်တွေမြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

မိုခါမုန်တိုင်းတိုက်ခတ်ပြီး နောက်ရက်မှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မုန်တိုင်းဒဏ်သင့် စစ်တွေ့မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တွေကို သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ရေးနဲ့ ပျက်စီးသွားတဲ့ ဆေးရုံနဲ့ ကျန်းမာရေးဌာန၊ ဝန်ထမ်းအိမ်ရာတွေကို အမြန်ဆုံးပြုပြင်နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့အပြင် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့အဖွဲ့က ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသတွေမှာ ကျန်းမာရေးကဏ္ဍဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်တာတွေကို ဖြည့်ဆည်းပေးခြင်း၊ ဝန်ကြီးဌာနကို အချိန်နဲ့တစ်ပြေးညီ တင်ပြဆောင်ရွက်ခြင်းနဲ့ စစ်တွေပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံတွေ စဉ်ဆက်မပြတ် ပုံမှန်ပြန်လည်လည်ပတ်စေရေးအတွက် ကြီးကြပ်လျက်ရှိတဲ့အပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ မြန်မာနိုင်ငံ ကျန်းမာရေးမှူးများအသင်းတို့မှ ဆေးအဖွဲ့တွေကဆေးကုသခြင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီအားဖြည့် ဆောင်ရွက်ခြင်းတို့အတွက် စီစဉ်ဆောင်ရွက်ပါ တယ်။

ဆေးရုံတွေမှာ စက်ပစ္စည်းတွေပျက်စီးမှုရှိပါက ပြင်ဆင်နိုင်ဖို့အတွက် အင်ဂျင်နီယာတွေကို စေလွှတ်ပြင်ဆင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့အတွက် စစ်တွေပြည်သူ့ဆေးရုံကြီးမှာ လျှပ်စစ်မီး ပုံမှန်ရရှိပြီး မီးစက်တွေ လည်ပတ်နိုင်တဲ့အပြင် 64 slice CT scan လည်း ပြုပြင်ပြီး ပြန်လည် အသုံးပြုလျက် ရှိပါတယ်။ မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံရဲ့ ဓာတ်မှန်စက်ကိုလည်း ပြုပြင်ပြီးအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် ထပ်မံလိုအပ်တာမရှိစေဖို့ ဆေးနဲ့ဆေးပစ္စည်းတွေကို တပ်မတော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အကူအညီနဲ့ ရေယာဉ်၊ လေယာဉ်တွေနဲ့ မုန်တိုင်းသင့် ရခိုင်ပြည်နယ်ကို အမြန်ဆုံးပို့ဆောင်နိုင်ခဲ့ပါတယ်။

မုန်တိုင်းမတိုင်မီ ကြိုတင်ပြင်ဆင်မှုအားကောင်းခဲ့တာကြောင့် မုန်တိုင်းပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ချက်ချင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဥပမာအားဖြင့် မုန်တိုင်းတိုက်ခတ် တဲ့နေ့ ည ၁၀ နာရီမှာ ပြည်သူ့ဆေးရုံ ပေါက်တောမြို့ မှာ ရိုးရိုးမွေးလူနာ ကလေးမွေးဖွားနိုင်ခဲ့ပြီး မနက် ၁ နာရီမှာ အရေးပေါ်ခွဲစိတ်မွေးဖွားမှုကို ဆောင်ရွက် နိုင်ခဲ့ပါတယ်။ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ အသက် အန္တရာယ်ရှိတဲ့ သားအိမ်ပြင်ပ သန္ဓေတည်လူနာ (ectopic pregnancy) အရေးပေါ်ခွဲစိတ်တာကို မေ ၁၇ ရက် ညနေပိုင်းမှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကင်ဆာဆေးကုဆောင်၌ Day Care Center ကို မေ ၁၈ ရက်မှာ စတင်ဖွင့်လှစ်ပြီး ကုသမှုပေးနေပြီဖြစ်တဲ့အပြင် ကျောက်ကပ်သန့်စင်ခြင်းကို မေ ၁၅ ရက်မှာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆေးရုံ/ကျန်းမာရေးဌာန ပျက်စီးဆုံးရှုံးမှုတွေကို ကွင်းဆင်းစိစစ်ပြီး အမြန်ဆုံးပြုပြင်တည်ဆောက် နိုင်ရေးအတွက် ကုသရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)နဲ့ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က အင်ဂျင်နီယာတွေပါဝင်တဲ့အဖွဲ့တွေကို စေလွှတ်ထားရှိပါတယ်။ လိုအပ်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို ရေယာဉ်တွေနဲ့ အချိန်နှင့်တစ်ပြေးညီ ပေးပို့လျက်ရှိရာ သွပ် အချပ်ရေ ၂၂၈၀၀ ၊ ခေါင်အုတ်သွပ်နဲ့ သွပ်ရိုက်သံတို့ကို ပေးပို့ခဲ့ပါတယ်။

အခုလို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ၊ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တစ်ပြိုင်တည်း စနစ်တကျ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့တာကလည်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မေ ၃၀ ရက်မှာ ရခိုင်ပြည်နယ် မြို့နယ်တွေက ပြည်သူ့ကျန်းမာရေး ကုသရေးဦးစီးဌာနမှူးတွေနဲ့ virtual တွေ့ဆုံပြီး လူနာတွေကို ဆေးရုံတွေမှာ ကျန်းမာရေးပြုစုစောင့်ရှောက်နိုင်ဖို့၊ ပြည်သူလူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုတွေကို ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့၊ ပြည်သူ့ကျန်းမာရေးနဲ့ ရောဂါကာကွယ် ထိန်းချုပ်နိုင်မှုတွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့နဲ့ အဆောက်အအုံ ပြန်လည်ပြင်ဆင်ခြင်းတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းတွေကို တိတိကျကျ လမ်းညွှန်မှာကြားခဲ့တာကြောင့် ဖြစ်ပါတယ်။

မေး။ ။လူနာတွေကို ပြုစုကုသမှုပေးနိုင်တဲ့ အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ စစ်ဆေးမှုနဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးအပါအဝင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းစတဲ့ ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မှုတွေကိုလည်း သိရှိလိုပါတယ်။

ဖြေ။ ။လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံတွေမှာ ဆေးရုံလုပ်ငန်းတွေ ပုံမှန်လည်ပတ်လျက်ရှိပြီး ခွဲစိတ်ကုသမှုလုပ်ငန်း၊ ပြင်ပလူနာ၊အတွင်းလူနာတွေကို လက်ခံ ကုသပေးခြင်းတွေကို ပုံမှန်အတိုင်းဆောင်ရွက်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံနဲ့ တိုက်နယ်ဆေးရုံ ၅၉ ရုံမှာ မေ ၁၆ ရက်မှ ဇွန်၇ ရက်အထိ ပြင်ပလူနာအဖြစ် ၁၃၈၅၂ ဦး၊ နေ့စဉ်အတွင်းလူနာပျမ်းမျှ ၁၀၀၀ ကျော်ကို ကုသမှုတွေ ဆောင်ရွက်ပေးခဲ့ပြီး ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုအဖြစ် ၇၃၂၇ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအနေနဲ့ ဆေးရုံလုပ်ငန်း ရပ်တန့်မှုမရှိ အောင် စီမံဆောင်ရွက်ခဲ့တာကြောင့် ရခိုင်ပြည်နယ်မှာ မေ ၁၅ ရက်မှာ အတွင်းလူနာပေါင်း ၅၀၀ ကျော် ကုသပေးခဲ့ရပြီး ဇွန်လဆန်းအထိ အတွင်းလူနာ ၁၂၀၀ ခန့်အထိ ကုသပေးနိုင်ပြီး ပုံမှန်အခြေအနေအတိုင်း လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ပါတယ်။

ကျေးလက်ဒေသတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျေးလက်ကျန်းမာရေးဌာန၊ ဒါမှမဟုတ် ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဒါမှမဟုတ် အထူးကုဆေးအဖွဲ့တွေ ကွင်းဆင်းကုသမှု ဒါမှမဟုတ် ရွေ့လျားဆေးပေးခန်း (Mobile Clinic) တွေက စောင့်ရှောက်မှုပေးနေပါတယ်။

ဒါကြောင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဆေးပေးခန်း၊ အထူးကုအဖွဲ့နဲ့ RRT အဖွဲ့တွေက မေ ၁၆ ရက်မှ ဇွန် ၇ရက်အထိ ပြင်ပလူနာ ၅၇၃၈၃ ဦးကို ဆေးကုသမှုတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ကိုဗစ်- ၁၉ ဓာတ်ခွဲစစ်ဆေးခြင်းတွေကို ဆောင်ရွက်နိုင်တဲ့အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ဇွန် ၆ ရက်အထိ ၁၀၀၇၇ ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးနိုင်ခဲ့ပါ တယ်။ အရေးကြီးတဲ့ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်တဲ့ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုအနေနဲ့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပုံမှန်နဲ့အမီလိုက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွေ လစဉ် ပထမရက်သတ္တပတ်မှာ ဆောင်ရွက်လျက်ရှိရာ မုန်တိုင်း သင့်ရခိုင်ပြည်နယ်မှာ ဇွန် ၁ ရက်မှ စတင်ပြီး ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနဲ့ အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ရာမှာ ဇွန် ၇ ရက်အထိ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်အားလုံးမှာ ဆောင်ရွက်နိုင်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကူးစက်ရောဂါတွေ ဖြစ်ပွားလာပါက အလျင်အမြန်သိရှိစေရေးအတွက် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုမှုစနစ် (Early Warning and Rapid Response)ကို ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် အခြားကူးစက်ရောဂါတွေ ကပ်အသွင်ဖြစ်ပွားမှုမရှိကြောင်း ပြောကြားလိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်မြို့နယ်တွေမှာ ဇွန် ၁ ရက် စာသင်ကျောင်းတွေ စတင်ဖွင့်လှစ်ချိန်မှာ မြို့နယ်အားလုံးရှိ စာသင်ကျောင်းတွေမှာ မုန်တိုင်းကျရောက်ပြီးနောက် ဖြစ်ပွားတတ် တဲ့ ကူးစက်ရောဂါတွေ မဖြစ်ပွားစေရေးအတွက် ကျောင်းအခြေပြုကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ၊ ကျောင်းတွင်းရေကောင်းရေသန့်ရရှိသုံးစွဲရေး၊ ယင်လုံအိမ်သာ စနစ်တကျသုံးစွဲရေး၊ စနစ်တကျ လက်ဆေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနဲ့ အာဟာရပြည့်ဝတဲ့ စားသောက်မှုပုံစံတွေကို ပညာပေးခြင်းစတဲ့ ကျောင်းအခြေပြု ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေကို Rapid Response Team နဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဆောင်ရွက်ပေးခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အများပြည်သူ မှလှူဒါန်းတဲ့ ဆေးနှင့်ဆေးပစ္စည်းတွေကို မုန်တိုင်းသင့် ဒေသတွေမှာ ထိထိရောက်ရောက် အသုံးပြုလျက်ရှိရာ ဇွန် ၇ ရက်အထိ စုစုပေါင်း ဆေးနဲ့ ဆေးပစ္စည်း ၈၃ မျိုး၊ ခန့်မှန်းခြေတန်ဖိုး ၃၉၀ ဒသမ ၀၄၂၆၂၁ သန်း လက်ခံရရှိခဲ့ပါတယ်။

မေး။ ။ ရှေ့ဆက်လက် လုပ်ဆောင်သွားမယ့် လုပ်ငန်းဆောင်ရွက်ချက်တွေကိုလည်း သိရှိလိုပါတယ်။

ဖြေ။ ။ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသတွေမှာ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူတွေတစ်ဦးတစ်ယောက်မှ မကျန်ရှိစေဘဲပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ ဆေးရုံ၊ကျန်းမာရေးဌာန အဆောက် အအုံတွေ ယခင်ထက်ပိုမိုကောင်းမွန်တဲ့ အဆောက်အအုံတွေအဖြစ် အမြန်ဆုံးပြုပြင်တည်ဆောက်ရေး၊ သဘာဝဘေးရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မပေါ်ပေါက်စေရေးနဲ့ ကူးစက်ရောဂါတွေ ကပ်အသွင်ဖြစ်ပွားမှု မရှိစေရေးတို့အတွက် အထူးအလေးထားပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ။

No comments:

Post a Comment