Wednesday, June 21, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်

 



နေပြည်တော် ဇွန် ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီ ရုံးဝန်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင်  နိုင်ငံအဝှမ်း မြို့ပြနှင့်ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချစေရေးနှင့် ပြည်နယ်/တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေး တို့ကို နိုင်ငံတော်အနေဖြင့် အထူးဦးစားပေး ဆောင်ရွက်လျက်ရှိသည့်အပြင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်ပါ လုပ်ငန်းစဉ်များနှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွား လာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်စေရန်၊ တိုးပွားလာသော  ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ သတ်မှတ်ချက်နှင့် ကိုက်ညီသောကျေးရွာများတွင် အရင်းမပျောက် မတည်ရန်ပုံငွေထူထောင်ပေး ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ဘက်စုံလူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရန် စသည့် ဦးတည်ချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများကို  ဌာနဆိုင်ရာများမှ သက်ဆိုင်သည့်လုပ်ငန်း ကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးမျိုးက စီမံကိန်းရန်ပုံငွေလွှဲပြောင်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ(၁၅)ရွာအတွက် စီမံကိန်းရန်ပုံငွေကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာကိုယ်စားလှယ်နှစ်ဦးက လက်ခံရယူသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကျေးရွာ (၄၆)ရွာနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း ကျေးရွာ(၄)ရွာတို့ကို အသီးသီးပေးအပ်ရာ ကျေးရွာကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် တက်ရောက်လာသည့် ကျေးလက်နေ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားပြီး နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်ဓာတ်ပုံများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ယနေ့ စီမံကိန်းဆိုင်ရာရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ(၁၅)ရွာ၊ (၁၅)ယူနစ်ကို ခွင့်ပြုငွေကျပ် (၄၁၀)သန်းဖြင့် လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာ (၄၆)ရွာကို  ခွင့်ပြုငွေကျပ် (၆၉၀)သန်းဖြင့်လည်းကောင်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း လုပ်ငန်းကို ကျေးရွာ(၄)ရွာမှာ ငွေကျပ်(၁၅၀)သန်းတို့ဖြင့် စုစုပေါင်းရန်ပုံငွေကျပ်(၁၂၅၀)သန်းအား သက်ဆိုင်ရာစီမံကိန်း ကျေးရွာများသို့ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)

No comments:

Post a Comment