Thursday, June 8, 2023

ဗူးဘုရားစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှမိသားစုက လှူဒါန်းသည့် အလှူငွေအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက သွားရောက်လှူဒါန်း

 

နေပြည်တော် ဇွန် ၈

၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့ ည ၉ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံဒေသ၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဧရာဝတီမြစ်အတွင်းသို့ မိုးကြိုးပစ်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့စဉ် ပုဂံမြို့ဟောင်းမြစ်ကမ်းစပ်တွင် တည်ထားကိုးကွယ်သော ဗူးဘုရားစေတီတော်ကြီးအား စက်ကွင်းထိမှန်၍ ဘုရားကြီး၏ လုံးပတ်တော် အနောက် တောင်ဘက်နှင့် အနောက်ဘက်တွင် ၁.၅ လက်မခန့် အဝိုင်းပေါက်ငယ် ၂ ခုဖြစ်ပေါ်ခဲ့ပြီး ကိုယ်လုံးတော်တွင် ကပ်လှူထားသည့်ရွှေများ သံဇကာကွက်ကဲ့သို့အရာထင်ခြင်း၊ စိန်ဖူးတော်အောက်ခံကြာဖတ်ပဲ့ခြင်း၊ ငှက်ပြောဖူး ကြာဖတ်ထိပ်ပိုင်း ၆ လက်မခန့်ပဲ့သွားခြင်း၊ ထီးတော်ပတ်လည်တွင် ချိတ်ဆွဲထားသော ကြေးခေါင်းလောင်းများ မည်းညစ်၍ အနည်းငယ်ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထိုသိုဖြစ်ပေါ်ခဲ့သဖြင့် ဗူးဘုရားကြီးအား ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှမိသားစုက လှူဒါန်းသည့် အလှူငွေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုကိုယ်စား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးက ဗူးဘုရားကြီးဂေါပကအဖွဲ့ထံသို့ သွားရောက်၍ လှူဒါန်းခဲ့သည်။

ဦးစွာ တိုင်းမှူးက ဗူးဘုရားစေတီတော်ကြီးအား ဖူးမျှော်ကြည်ညိုသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှမိသားစုကလှူဒါန်းသည့် အလှူတော်ငွေ ငွေကျပ်သိန်း (၅၀) အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှမိသားစုကိုယ်စား တိုင်းမှူးကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူငွေကျပ် သိန်း(၃၀)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးကလည်းကောင်း ဗူးဘုရားကြီး ဂေါပကအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက မိုခါမုန်တိုင်းတိုက်ခတ်ခဲ့စဉ်က ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော စေတီပုထိုးများ၏ ပြန်လည်ပြုပြင်ပြီးစီးနေမှအခြေအနေများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment