Monday, June 12, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံမုန်တိုင်းဒဏ်သင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများပထမအကြိမ်လှူဒါန်း

နေပြည်တော် ဇွန် ၁၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံမုန်တိုင်းဒဏ်သင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် Tianjin Air Cargo လေယာဉ်သည်ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့သည်။

ထို့နောက်ရောက်ရှိလာသည့် ထောက်ပံ့ပစ္စည်းများလွှဲပြောင်းခြင်းကို Air Side တွင်ပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr.Chen Hai ကပေးအပ်ခဲ့ပြီး စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါလွှဲပြောင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး H.E. Mr.Chen Hai နှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မုန်တိုင်းဘေးသင့်ပြည်သူများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ လှူဒါန်းသည့် ပစ္စည်းများတွင် ပထမအသုတ်အနေဖြင့် ခြင်ထောင်(၁၀,၀၀၀)လုံးနှင့် စောင်(၁၀,၀၀၀) ထည်တို့ဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၇၅၀၀ ခန့်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့်အကူအညီများပံ့ပိုးရာတွင် မုန်တိုင်းဘေးသင့်ပြည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူကိုလက်ကိုင်ထား၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ဝန်ကြီးဌာနအသီးသီးနှင့် ချိတ်ဆက်၍အချိန်နဲ့တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment