Tuesday, June 27, 2023

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဆက်လက်ကပြ သီဆိုဖျော်ဖြေ

 

နေပြည်တော် ဇွန် ၂၇

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့ညနေပိုင်းတွင် ပလက်ဝမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ကီမိုခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထိုသို့ဖျော်ဖြေတင်ဆက်ရာတွင် စစ်သည်/စစ်သမီးများက မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်း အဆို/အကများ၊ တေးသရုပ်ဖော် အကများ၊ ရယ်ရွှင်ဖွယ်ရာ ဟာသပြဇာတ်၊ ဒေသ၏ရိုးရာယဉ်ကျေးမှု အကအလှများ၊ ဗဟုသုတဖြစ်ဖွယ်ရာ အသိပညာပေးအစီအစဉ်များဖြင့် ကဏ္ဍစုံလင်စွာ သီဆိုကပြဖျော်ဖြေကြရာ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ကြည့်ရှု အားပေးကြသည်။ ထိုသို့ သီဆိုကပြဖျော်ဖြေသော စစ်သည်/စစ်သမီးများအား နယ်မြေခံတပ်မှ တာဝန်ရှိသူတို့က ဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment