နေပြည်တော် ဇွန် ၂၆
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်ကျင်းပပြီး မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားများကို တစ်ပြိုင်တည်းပြုလုပ်၍ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာ ပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ်ပြိုင်ပွဲများအတွက် ဆုရရှိသူများကို ဆုများချီးမြှင့်ကြသည်။
ယနေ့ကျရောက်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ နံနက် ၁၁ နာရီတွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအစီအစဉ်ကိုပြုလုပ်ရာ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြု သင်တန်းကျောင်းတို့မှ ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
အဆိုပါ မီးရှို့ဖျက်ဆီးပွဲတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၄၇၅ ဒသမ ၈၈၅ ကီလိုကျော်၊ ဘိန်းဖြူ ၅၆၂ ဒသမ ၈၀၉ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၃ သန်းကျော်၊ အိုက်စ် ၄၇၉၃ ဒသမ ၃၀၈ ကီလိုကျော်၊ ကက်တမင်း ၈၀၅ ဒသမ ၃၅၉ ကီလိုကျော်၊ ဆေးခြောက် ၁၈၀ ဒသမ ၈၇၆ ကီလိုကျော်၊ ဘိန်းညိုမှုန့် ၃၀၇ ဒသမ ၃၁၅ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၃ မျိုး နှင့် ဓာတုပစ္စည်း ၅၂ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာ ငွေကျပ် ၃၅၅ ဒသမ ၂၆၈ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၁၆၉ ဒသမ ၁၇၅ သန်း) ကို ဖျက်ဆီးခဲ့သည်။
လှည့်လည်ကြည့်ရှု
ထို့ပြင် နံနက် ၈ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်း အနားကိုကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၏ သဝဏ်လွှာကို ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့် ဆုရရှိသူများနှင့် ပြည်နယ်အဆင့် ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ကြသည်။
ထို့အတူ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ဒဂုံဧရာကုန်တင်ယာဉ်ရပ်နား ကွင်း၌ နံနက် ၈ နာရီတွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(UNODC)၊ ဩစတြေးလျပြည်ထောင်စု ရဲအဖွဲ့ (AFP)၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်(NNCC)၊ ထိုင်းနိုင်ငံ မူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ သူနာပြုတက္ကသိုလ်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
သဝဏ်လွှာဖတ်ကြား
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၏ သဝဏ်လွှာကို တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ ဧည့်သည်တော်များမှ မီးရှို့ဖျက်ဆီးမည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို လိုက်လံကြည့်ရှုခြင်းတို့ ပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ ဖမ်းဆီးရမိသော ဘိန်း ၁၇၆ ဒသမ ၂၃၂ ကီလိုကျော်၊ ဘိန်းဖြူ ၉၂ ဒသမ ၅၂၁ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ သန်းကျော်၊ အိုက်စ် ၁၂၇၄၈ ဒသမ ၃၀၅ ကီလိုကျော်၊ ဘိန်းစာမှုန့် ၇၂၈ ဒသမ ၈၃၈ ကီလိုကျော်၊ ကက်တမင်း ၄၁၆၃ ဒသမ ၁၃၂ ကီလိုကျော်၊ ဆေးခြောက် ၃၈၅ ဒသမ ၈၇၇ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးအမျိုး ၂၀ နှင့် ဓာတုပစ္စည်း ၁၆ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၃၆ ဒသမ ၄၅၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၂၀၇ ဒသမ ၈၃၆၄ သန်းကျော်)ကို ဖျက်ဆီးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အခမ်းအနားကို နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ပြီး စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့်ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာပြခန်းများကို လှည့်လည် ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။
မန္တလေးမြို့တွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည် (တောင်)ရပ်ကွက်ရှိ လေယာဉ်ကွင်းဟောင်း၌ နံနက် ၈ နာရီခွဲတွင် ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တရုတ်ကောင်စစ်ဝန်ချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် သူနာပြုတက္ကသိုလ်တို့မှ ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၏သဝဏ်လွှာကို တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့်ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ၊ အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၄၇၈ ဒသမ ၀၃၁ ကီလိုကျော်၊ ဘိန်းဖြူ ၆၁၀ ဒသမ ၄၄၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ် ဆေးပြား ၂၅ သန်းကျော်၊ အိုက်စ် ၃၅၂၇ ဒသမ ၇၅၄ ကီလိုကျော်၊ ကက်တမင်း ၂၂ ဒသမ ၆၇၃ ကီလိုကျော်၊ ဆေးခြောက် ၂၇၄ ဒသမ ၇၈၇ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၁၉ မျိုးနှင့် ဓာတုပစ္စည်း ၁၅ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၄၄ ဒသမ ၉၉၈ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၆၉ ဒသမ ၀၄၆၇ သန်း) ကို ဖျက်ဆီးခဲ့သည်။
ယခုနှစ်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအစီအစဉ်များကို တောင်ကြီးမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဘိန်း ၁၁၃၀ ဒသမ ၁၄၉ ကီလိုကျော်၊ ဘိန်းဖြူ ၁၂၆၅ ဒသမ ၇၇၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄ သန်းကျော်၊ အိုက်စ် ၂၁၀၆၉ ဒသမ ၃၆၇ ကီလို ကျော်၊ ဘိန်းစာမှုန့် ၇၂၈ ဒသမ ၈၃၈ ကီလိုကျော်၊ ဆေးခြောက် ၈၄၁ ဒသမ ၅၄၁ ကီလိုကျော်၊ ကက်တ မင်း ၄၉၉၁ ဒသမ ၁၆၅ ကီလိုကျော်နှင့် ဘိန်းညိုမှုန့် ၃၀၇ ဒသမ ၃၁၅ ကီလိုကျော်အပါအဝင် မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်း) တို့ကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြား ဖမ်းဆီးရမိဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment