နေပြည်တော် ဇွန် ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ အစိုးရရပ်ကွက်ရှိ ပိတ်ဆို့နေသောရေနုတ်မြောင်း ပြန်လည်တူးဖော်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူခရိုင်၊ ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသော နဂါးကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စက္ကိန္ဒာ ဘိဝံသ အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့မရပ်ကွက်ရှိ အခြေခံပညာကျောင်းများ၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နယ်မြေအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များမှာကြားပြီး Cyclone Shelter များ ဆောက်လုပ်ထားရှိမှုနှင့် ဘူးသီးတောင် - ရသေ့တောင် ရေလမ်းကြောင်းနှင့် ကုန်းတွင်းလမ်းမကြီးဘေးရှိ ကျေးရွာများ၌ Cyclone Shelter များ ထပ်မံဆောက်လုပ်ရန်အတွက် လိုအပ်သည်များမှာကြားသည်။ ထို့ပြင် မြို့သစ်ရပ်ကွက်ရှိ ဦးဥတ္တမခန်းမ၌ ကျေးရွာအုပ်စု ၇ စုမှ ဒေသခံပြည်သူများနှင့် ကျေးရွာကိုယ်စားလှယ်များအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။
ထို့တူ ရခိုင်ပြည်နယ်၊ မြေပုံမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များမှ ထောက်ပံ့သော ပြည်တွင်းရေကြောင်းပိုင် ကုလားတန် (၆) သင်္ဘောဖြင့် ထပ်မံရောက်ရှိလာသည့် ပစ္စည်းများအား ယနေ့နံနက်ပိုင်းတွင် ငုပင်လယ်ဆိပ်ခံတံတားပေါ်သို့တင်ယူပြီး ဖွင့်ဖောက်စစ်ဆေးအတည်ပြုလက်ခံကာ လေဘေးသင့်ပြည်သူများသို့ ချက်ချင်းဖြန့်ဝေပေးခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အဆိုပါမြို့အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အခြေခံပညာကျောင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment