စစ်တွေ ဇွန် ၂၆
ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နန္ဒဝန်ဥယျာဉ်အတွင်း သစ်ပင်များ ဖယ်ရှားရှင်းလင်းနေမှု၊ ကျောက်တန်းတံတားရှိ ကြမ်းခင်းပျက်စီးနေမှု၊ ကျောက်တန်းကြီးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၊ ကျားမသောက် ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၊ အမှတ် (၈၁) အခြေခံပညာမူလတန်းကျောင်းနှင့် တပ်နယ်အခြေခံပညာမူလတန်းကျောင်း၊ နယ်မြေခံတပ်နယ်ရှိ ဧက ၄၀ မျိုးစပါးစမ်းသပ်ကွက်များ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရခိုင်ပြည်နယ် သမဝါယမအသင်းစုချုပ် (လီမိတက်) ၌ အသင်းဥက္ကဋ္ဌနှင့် ဒါရိုက်တာ အဖွဲ့ဝင်များအား တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကူညီကယ်ဆယ်ရေးအဖွဲ့များက စစ်တွေမြို့ နန္ဒဝန်ဥယျာဉ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် သစ်ပင်များ ဖယ်ရှားရှင်းလင်းနေမှုကို ကြည့်ရှုအားပေးပြီး မိုးရာသီကာလသစ်ပင်များ စနစ်တကျ ရှင်သန်ကြီးထွားအောင် ပြန်လည်စိုက်ပျိုး ရန်နှင့် ပြည်သူများ အပန်းဖြေနိုင်ရေးအတွက် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေ - အမ်း - ရန်ကုန် ကားလမ်း မိုင်တိုင် ၁၉၀ ကျောက်တန်းတံတားရှိ ကြမ်းခင်းအရှည်ပေ ၁၂၀၊ အကျယ် ၃၂ ပေ ပျက်စီးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် စနစ်တကျပြန်လည် ပြုပြင်တည်ဆောက် သွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တန်းကြီးကျေးရွာ အခြေခံပညာမူလတန်း ကျောင်း၊ ကျားမသောက်ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၈၁) အခြေခံပညာမူလတန်းကျောင်းနှင့် တပ်နယ်အခြေခံပညာမူလတန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ဆောင်များ ပြန်လည်ပြင်ဆင်ပြီးစီးမှု၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု၊ ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုများနှင့် ဆက်လက်ပြုပြင် သွားမည့်အစီအမံများကို လိုက်လံကြည့်ရှုမေးမြန်းပြီး သင်ထောက်ကူ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်မြေခံတပ်နယ်ရှိ ဧက ၄၀ မျိုးစပါး စမ်းသပ်ကွက်များဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အထွက်နှုန်းကောင်းသော စပါးစိုက်ပျိုးရေးနှင့် သီးထပ်စိုက်ပျိုးနိုင်ရေး မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်က အကောင်အထည်ဖော်ဆောင်ရွက်သည့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကျရောက်ရာဒေသ ပဲနို့အာဟာရတိုက်ကျွေးရေးစီမံချက်အရ စစ်တွေမြို့ ဘောက်သီးစုရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ကလေးငယ် ၃၇၅ ဦးအား ပဲနို့တိုက်ကျွေးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် သမဝါယမအသင်းစုချုပ် (လီမိတက်) ၌ အသင်းဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် အသင်းဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက အသင်းဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ အသင်းစုနှင့် အခြေခံအသင်းများ၏ ရင်းနှီးထည့်ဝင်ငွေများ၊ လုပ်ငန်းခွဲ လုပ်ငန်းစုများအလိုက် ဆောင်ရွက်နေမှုများနှင့် အသင်းသူအသင်းသားများ၏ အကျိုးအတွက် လူမှုစီးပွားရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဒေသနှင့်ကိုက်ညီပြီး သမဝါယမစနစ်ဖြင့် ဆောင်ရွက်နေကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများကို မြှင့်တင်သွားကြရမည်ဖြစ်ကြောင်း၊ သမဝါယမလုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝ ဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်းသည့်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့နှင့် မြေပုံမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ကို လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေး နိုင်ခဲ့ပြီဖြစ်သည်။
ယခုအခါ ပြင်ဆင်ရန်ကျန်ရှိသည့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်း ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်း ၅၆ ရာခိုင်နှုန်းခန့်၊ ၆၆ ကေဗွီ ရသေ့တောင်-ဘူးသီးတောင် ဓာတ်အားလိုင်း ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်း ၅၄ ရာခိုင်နှုန်းခန့် ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးဖြစ်ပြီး ကျေးရွာဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်ရမည့်ကျေးရွာစုစုပေါင်း ၃၂၇ ရွာ ရှိသည့်အနက် ဆောင်ရွက်ပြီးကျေးရွာ ၇၁ ရွာ၊ ဆောင်ရွက်ဆဲကျေးရွာ ၅၄ ရွာဖြစ်ပြီး စုစုပေါင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၄၇ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment