Sunday, June 18, 2023

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့်ဆက်လက် ရောင်းချ

 နေပြည်တော်၊ ဇွန် - ၁၇

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်   စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေ စေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူ စားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက  နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ယနေ့တွင်လည်း စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား/ ငါး ကြက်ဥ၊ ဘဲဥ၊ နို့ထွက် ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော် စက်ရုံများနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် စည်သွပ်ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊ ကြက်သား အာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငပိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး စသည့် စားသောက် ကုန်များ၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အရောင်း ဆိုင်များ၏ စားကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်ဆောက် ပစ္စည်းများကို ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးလျက် သည်။

ထိုသို့ ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း မိသားစုများက တစ်ခဲနက် ဝယ်ယူအားပေးကြောင်းနှင့်  ယခုကဲ့သို့ စားရေးအခက်အခဲ ဖြစ်ပေါ်နေချိန်တွင် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း သတင်း ရရှိသည်။           

No comments:

Post a Comment