Monday, June 19, 2023

ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက ဆရာတော်သံဃာတော်အပါး ၁၀၀၀ အား ဆွမ်းတော်ကြီးလောင်းလှူပွဲ ကျင်းပ


ရန်ကုန် ဇွန် ၁၈

ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များစုပေါင်း၍ ဆရာတော်သံဃာတော် အပါး ၁၀၀၀ အား ဆွမ်းတော်ကြီး လောင်းလှူပွဲနှင့် ရေစက်ချ အနုမောဒနာတရားနာယူခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဗီယက်နမ်ဆရာတော်များ၊ ပင့်သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များ၊ ရက္ခိတစွမ်းအား ပရဟိတအဖွဲ့မှ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာဓဇထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြကာ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက ဆရာတော်ကြီး များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ဆက်လက်၍ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ ဣန္ဒပါလ(ရမ္မဝတီ) ဆရာတော်ထံမှ သာရဏီယ ဩဝါဒကထာ နာယူကြသည်။

ယင်းနောက် ဗီယက်နမ်နိုင်ငံမှ သံဃာတော် ဦးသမ္မာဒိဋ္ဌိနှင့် ရက္ခိတစွမ်းအား ပရဟတိအဖွဲ့ဥက္ကဋ္ဌ အကျိုးတော်ဆောင် ဦးဝင်းမောင်မောင်က ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။

ထို့နောက် ဗီယက်နမ်နိုင်ငံမှ ဆရာတော် ဦးသီလဂုဏထံမှ ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ တိပိဋကဓရ ဆရာ တော်ကြီးများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဗီယက်နမ်ဆရာတော်များနှင့် ပင့်သံဃာတော် စုစုပေါင်းအပါး ၁၀၀၀ တို့အား ရင်ပြင်တော် တောင်ဘက် ဗဟိုမဏ္ဍပ်မှစ၍ ဆွမ်းတော်ကြီးလောင်းလှူခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များ၊ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

အခမ်းအနားအပြီးတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ တိပိဋကဓရ ဆရာတော်ကြီးများ၊ ဗီယက်နမ်နိုင်ငံမှ ဆရာတော် များအား ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ညပိုင်းတွင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဣန္ဒပါလ (ရမ္မဝတီ) ဆရာတော်ဦးဆောင်၍ ဗီယက်နမ်နိုင်ငံမှအလှူရှင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ကြကြောင်း သိရသည်။

ကိုကိုဇော်(MNA)


No comments:

Post a Comment