Saturday, June 10, 2023

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃)ကျင်းပ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်

 


နေပြည်တော်  ဇွန်  

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ် မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြေပြင်ကွင်းဆင်းစာရင်း  ကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှု ဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး  စောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့မှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တာဝန် ရှိသူများတက်ရောက် ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့်  ကော်မတီဝင် ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် အရေးကြီးဆုံးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အဓိကကျသည့် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကောက်ယူရရှိသည့် စာရင်းဇယား၊ အချက်အလက် များကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် မှတ်တမ်းများစုစည်း၍ လဝကမြို့နယ်ရုံး များရှိ ရုံးလက်ခံများနှင့် တိုက်ဆိုင်စိစစ်ပြီး လက်ရှိ အခြေအနေတွင် e-ID Server အတွင်း အွန်လိုင်းမှ တစ်ဆင့်ထည့်သွင်းကာ အချက်အလက် ကွဲလွဲမှုများအပေါ်  ပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

လုံခြုံရေးအခြေအနေကြောင့် ကောက်ယူရန်ကျန်ရှိသည့် မြို့နယ်အချို့ကိုလည်း ဆက်လက်  ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် မေ ၃၁ ရက်အထိ စာရင်းကောက်ယူမှု အနေဖြင့် e-ID Software ဖြင့်ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင်စစ်ဆေး ကောက်ယူခဲ့သည့် အိမ်ထောင်စု ၁၁ ဒသမ ၉ သန်းကျော်၊ လက်ရှိ ဒေသ၌ အိမ်ထောင်စု စာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့်ကောက်ယူခဲ့သည့် အိမ်ထောင်စု ၂ ဒသမ ၈ သန်းကျော် စုစုပေါင်းအိမ်ထောင်စု ၁၄ ဒသမ ၈ သန်းကျော် ကောက်ယူပြီးစီးပြီးဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ၈၇ ဒသမ ၉၂ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါ ကြောင်း။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် တစ်ပါတည်းကောက်ယူခဲ့သည့် မသန်စွမ်းငါးမျိုး လူဦးရေ နှစ်သိန်းကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  သက်ဆိုင်ရာခရိုင်ဦးစီးမှူးရုံးများသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် အိမ်ထောင်စုလူဦးရေ စာရင်းတွင် အမတလက်မှတ်ကိုင်ဆောင်ထားသူများ၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား၊ အသက် ၁၈ နှစ် အထက်ရှိသည့် မည်သည့်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများ၊ အမည်၊ မွေးသက္ကရာဇ် အစရှိသည့် အချက်အလက်ကွဲလွဲနေသူများအား စနစ်တကျ တိုက်ဆိုင်စိစစ်ပြီး ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။

ယခင်အစည်းအဝေး ဆုံးဖြတ်ချက်အရ မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့်  စာရင်းများကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများရှိ စာရင်းများနှင့် တိုက်ဆိုင်စိစစ်ပြီး e-ID Server အတွင်းရှိ အချက် အလက်များနှင့် တိုက်ဆိုင်စိစစ်၊ ပြင်ဆင်ဖြည့်စွက်ပြီးဖြစ်သည့် လူဦးရေစာရင်းအား မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဝင်များက စိစစ်အတည်ပြုထားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအဆင့်ဆင့် စိစစ်အတည်ပြုပြီးသည့်စာရင်းများကို ဗဟိုကော်မတီမှတစ်ဆင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သို့ ဆက်လက်တင်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ပါ ကြောင်း။

မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပန်းခင်းစီမံချက် အဆင့်(၁)ကို  ၂၀၂၁ ခုနှစ် မေ ၃ ရက်မှစတင် ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် မေ ၃၁ ရက်အထိ ၉၆ ဒသမ ၇၆ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီး ပန်းခင်းစီမံချက်အဆင့်(၂)ကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်အထိ ၄၉ ဒသမ ၁၄ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးသည်ကို တွေ့ရှိရပါကြောင်း၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး  ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်အနေဖြင့် မပြီးပြတ် သေးသည့်လုပ်ငန်းများကို အမြန်ဆုံးပြီးပြတ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး ယခုအစည်းအဝေးတွင် ကွင်းဆင်းကောက်ယူပြီးစီးသည့်စာရင်းများကို စိစစ်၍ e-ID Server အတွင်းသို့ ထည့်သွင်းပြီးစီးမှုနှင့် စာရင်းများ အတည်ပြုအပ်နှံနိုင်ရေးအခြေအနေ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်း လိုအပ်ချက် များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက ယခင် အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရန် ကျန်ရှိနေသည့်ဒေသများနှင့် ဆက်လက်ကွင်းဆင်း ကောက်ယူ သွားမည့်အစီအစဉ်များ၊ ကောက်ယူပြီးစာရင်းများ အား လဝကမြို့နယ်ဦးစီးမှူးရုံးများတွင် e-ID Software ဖြင့် အချက်အလက်များ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်နေမှုနှင့် ယာယီနေထိုင်သူများနှင့် ပတ်သက်၍ ဖြေရှင်း ဆောင်ရွက်မည့်အခြေအနေ၊ ဗဟိုကော်မတီမှ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ ကိုလည်းကောင်း၊  တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် ဌာနအလိုက် ညှိနှိုင်းပူးပေါင်းဆောင်ရွက် သွားမည့်အစီအစဉ် များကို လည်းကောင်း ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေစာရင်း ပြုစု နိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင် မဲပေးနိုင်ရေးအတွက် ယခုလုပ်ငန်းစဉ်များအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။        

 သတင်းစဉ်

No comments:

Post a Comment