Thursday, June 22, 2023

အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


နေပြည်တော် ဇွန် ၂၁

အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာကာကွယ်တားဆီးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အွန်လိုင်းမှတက်ရောက်

အစည်းအဝေးသို့ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်း ရဲတပ်ဖွဲ့မှူးရုံး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။

နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်

ရှေးဦးစွာ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ ဥက္ကဋ္ဌက နည်းပညာတိုးတက်လာမှုနှင့်အတူ တရားမဝင် ခိုးယူဖြန့်ချိမှုများကြောင့် ငွေကြေးအကုန်အကျခံကာ ရိုက်ကူးထုတ်လွှင့်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ထုတ်လုပ်ရေးလုပ်ငန်းများ၊ အနုပညာရှင်များမှာ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေရပါကြောင်း၊ အနုပညာဖန်တီးမှုများကို မူပိုင်ခွင့်ရရှိသူများထံမှခိုးယူ၍ သမားရိုးကျနည်းလမ်းဖြင့်သော်လည်းကောင်း၊ အွန်လိုင်းပလက်ဖောင်းများမှ လည်းကောင်း ထုတ်လွှင့်ဖြန့်ချိသူများကို အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့က တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး စီမံဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မြန်ဆန်ထိရောက်သည့် အရေးယူမှုများကို ဆောင်ရွက်နိုင်ရန်နည်းလမ်းများကို အကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 အကြံပြုဆွေးနွေးတင်ပြ

ထို့နောက် တရားမဝင်ခိုးယူ ဖြန့်ချိခြင်းဆိုင်ရာကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ တက်ရောက် လာကြသည့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက အကြံပြုဆွေးနွေးတင်ပြကြပြီး အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပေါင်းစပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

သတင်းစဉ် 

No comments:

Post a Comment