Monday, June 26, 2023

လှေခွက်ချည်းကျန်အလံမလှဲ အစဉ်အလာလွှင့်ထူ


တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှ ယနေ့ထက်တိုင် အစဉ်အလာကြီးမားသည့် တပ်မတော်ဖြစ်သည်။ တပ်မတော်၏အစဉ်အလာ (၁၂) ရပ် တွင် “အခက်အခဲကို ရင်ဆိုင်ကျော်လွှား နိုင်သည့် ရဲစွမ်းသတ္တိရှိသော တပ်မတော်ဖြစ်သည် ဆိုသည့်အတိုင်း အမိနိုင်ငံတော်အတွက် “လှေခွက်ချည်းကျန် အလံမလှဲ သည့်စိတ်ဓာတ် “တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ် များဖြင့် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသည်။

တပ်မတော်သည် အဆိုပါအစွမ်းသတ္တိများဖြင့် အမိနိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် သက်စွန့်ကြိုးပမ်းစွမ်းဆောင်ခဲ့ကြသလို နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်ပေးနိုင်ရန် အတွက် လည်း အားကစားကဏ္ဍတွင် ရေကုန်ရေခန်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ တပ်မတော်သား အားကစားသမားများသည် သမိုင်းအစဉ်အဆက် အမိနိုင်ငံတော်အတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြံ့ခိုင်မှု စသောစိတ်ဓာတ်များဖြင့် အားကစားကဏ္ဍအလိုက် အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

အားကစားကဏ္ဍကိုကြည့်လျှင် တပ်မတော်သားများ၏ ထူးချွန်ပြောင်မြောက်သည့် စွမ်းဆောင်မှု များကို ပေါ်လွင်ထင်ရှားစွာ တွေ့ရမည်ဖြစ်သည်။ ပြည်တွင်းမှာ သာမက နိုင်ငံတကာပြိုင်ပွဲများ တွင်ပါ အောင်မြင်မှုများစွာရရှိခဲ့သည့် သမိုင်းမှတ်တမ်းများ မော်ကွန်းရေးထိုးထားသည်။ တစ်ချိန်သောကာလက မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ သော တပ်မတော်သား လက်ရွေးစင်များ၏စွမ်းဆောင်မှုများကို ယနေ့ထက်တိုင် အမှတ်တရရှိနေ သည်။ ဘောလုံးတွင်သာမက ပြေးခုန်ပစ်၊ လက်ဝှေ့၊ အလေးမ၊ ဂျူဒို၊ သေနတ်ပစ် စသည့် အားကစားနည်များတွင် ဆုတံဆိပ်များ များစွာဆွတ်ခူးပေးနိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်အသီးသီးတွင် အားကစားကွင်းများ၊ အဆင့်မီ  အားကစားရုံများ တည်ဆောက်ပေးပြီး တပ်မတော်သားများ လေ့ကျင့်ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ပေးထားသည်။ အထူးသဖြင့် တပ်မတော်၏ အခြေခံသဘောသဘာဝနှင့်နီးစပ်သည့် အားကစားနည်းများဖြစ်သော ဘောလုံး၊ ဘောလီဘောအားကစား၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ သေနတ်ပစ်၊ လက်ဝှေ့၊ ဂျူဒို၊ သိုင်းစသည့်ကစားနည်းများ၊ ပြေးခုန်ပစ်တွင် တာဝေး၊ တာလတ်၊ တာတိုအပြေး၊ လမ်းလျှောက်၊ ရေကူး၊ လှေလှော်အားကစားကဏ္ဍများတွင် ပိုမိုထူးချွန်အောင် ကြိုးစားဆောင်ရွက်ပြီး နိုင်ငံကိုယ်စားပြုလက်ရွေးစင်များဖြစ်လာအောင် ဆောင်ရွက်လျက်ရှိသည်။

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင်တပ်မတော်သား အားကစားသမားများ နှင့် အုပ်ချုပ်သူ၊ နည်းပြများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့ထံ ရောက်ရှိလာသည့် ရည်မှန်း ချက်တာဝန်များအပေါ် နိုင်ငံ့သားကောင်း၊ တပ်မတော်သားကောင်း ဟူသည့် စိတ်ဓာတ်၊ ခံယူချက်များဖြင့် အမိနိုင်ငံတော်၏အလံကို တင့်တယ်ဝင့်ထည်စွာ လွှင့်ထူ နိုင်အောင် ကြိုးပမ်းခဲ့ကြခြင်းအားဖြင့် မြန်မာပီသသည့် စိတ်ဓာတ်ကိုပြသခဲ့ကြသည့် တပ်မတော်သား အားကစားသမားများနှင့်တကွ အားကစားသမားတစ်ဦး ချင်း တစ်ယောက်ချင်းစီကို ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏မျိုးချစ်စိတ်ကို ထိုနိုင်ငံကို ထိပါးလာသည့်အခါ နိုင်ငံသား ပီသစွာထုတ်ဖော် ပြသကြသလို ထိုနိုင်ငံသားများ ပါဝင်ယှဉ်ပြိုင်သည့် အားကစားပြိုင်ပွဲများမှတစ်ဆင့်လည်း ထုတ်ဖော်ပြသကြသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ ယခုနိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမားများသည် အနိုင်မခံ၊ အရှုံးမပေး စိတ်ဓာတ်အပြည့်ဖြင့် နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အထိ ခက်ခဲသည့် အင်အားကြီး ပြိုင်ဘက်များကို မလျှော့သောဇွဲ၊ လုံ့လများဖြင့် တုံ့ပြန်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်မတော်သား အားကစားသမားများအပါအဝင် အမျိုးသမီးအားကစားသမားများ၏ ပုံရိပ်များသည် ပြည်သူများ၏ နှလုံးသားကို ဖမ်းစားနိုင်သည်အထိ အောင်မြင်မှုများ ရရှိခဲ့ကြသည်။

တပ်မတော်တွင် တပ်မတော်သားများ၏ ရဲစွမ်းသတ္တိများသာမက ပါရမီဖြည့်ဖက်များ၏ ထူးချွန် ပြောင်မြောက်သည့် စွမ်းဆောင်မှုများကို ယနေ့ထက်တိုင်အောင် မြင်တွေ့လျက်ရှိသည်။ အတိတ် သမိုင်းတွင် တာဝန်ကျေပွန်ခဲ့ကြသည့် တပ်မတော်သား အားကစားသမားများအား လေးစား အသိအမှတ်ပြု၍ မျက်မှောက်ကာလတွင် မြန်မာပီသမှု၊ မြန်မာ့စွမ်းရည်ပြသမှုဖြင့် မြန်မာ့ဂုဏ်ဆောင်မှုများကို လက်ဆင့်ကမ်းပြီး အနာဂတ်တွင် ထူးချွန်ပြောင်မြောက်သည့် အားကစားသမား ကောင်းများ ပေါ်ထွက်လာရန် ဆက်လက်ကြိုးပမ်းကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ အစဉ်အလာကြီးမားသည့် တပ်မတော်မှ ပေါ်ထွက်လာသည့် မြန်မာ ပီသသော၊ မြန်မာနိုင်ငံကို ကာကွယ်စောင့်ရှောက်သော၊ မြန်မာ့ဂုဏ်ကို မြှင့်တင်ပေးသော တပ်မတော်သား အားကစားသမားများသည် လှေခွက်ချည်းကျန် အလံမလှဲ စတမ်းစိတ်ဓာတ်ဖြင့် တပ်မတော်၏ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းမြှင့်တင်လျက်ရှိပါကြောင်း။                      


No comments:

Post a Comment