ပြည့်ဖြိုးအောင် (စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)
အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ဇွန် ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အောင်ဘာလေမိုဘိုင်းအက်ပလီကေးရှင်း (Aung Bar Lay Application) ကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ထီကံစမ်းနိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်ပိုင်သတင်းစာများ၊ ပြည်တွင်းသတင်းမီဒီယာများ၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ဝက်ဆိုက် (Website) စာမျက်နှာနှင့် IRD Facebook Page များတွင် အသိပေးကြေညာထားသည်ကို တွေ့ရသည်။
အဆိုပါ အသိပေးကြေညာချက်များနှင့်အတူ မြန်မာနိုင်ငံရှိ ယခင်ထီဆိုင်များသို့ သွားရောက်၍ ထီလက်မှတ် ရွေးချယ်ဝယ်ယူကြရသည့် အောင်ဘာလေသိန်းဆုထီ ကံစမ်းမှုစနစ်သည် သတင်းအချက်အလက်နည်းပညာ (Information Technology)ကို အသုံးပြု၍ အချိန်မရွေး၊ နေရာ ဒေသမရွေး အက်ပလီကေးရှင်းမှတစ်ဆင့် လွယ်ကူ လျင်မြန်စွာ ရွေးချယ်ဝယ်ယူနိုင်သည့် ထီကံစမ်းမှု စနစ်တစ်ခုအဖြစ် တစ်ခေတ်ဆန်းသစ်လာခဲ့သည်ကို သတိပြုမိစေလိုသည်။
နည်းပညာအသုံးပြု အခွန်ပေးဆောင်မှုစနစ်များ အကောင်အထည်ဖော်လာစေရေး
အောင်ဘာလေသိန်းဆုထီ ကံစမ်းမှုသာမက အခြားအခွန်ဆိုင်ရာ လုပ်ငန်းများတွင်လည်း သတင်းအချက်အလက်နည်းပညာ တိုးချဲ့အသုံးပြုခြင်းနှင့်အတူ အင်တာနက်ချိတ်ဆက်ရရှိသည့် မည်သည့်နေရာဒေသတွင်မဆို လုပ်ဆောင်နိုင်သည့်အတွက် အချိန်နှင့်ငွေကြေးကုန်ကျစရိတ် လျှော့ချသက်သာစေခြင်း၊ လုပ်ငန်းလုပ်ဆောင်မှုများကိုလည်း လျင်မြန်လွယ်ကူစွာ လုပ်ဆောင် နိုင်ခြင်းအစရှိသည့် အဆင်ပြေချောမွေ့မှုများ ရရှိလာသည်ကို တွေ့မြင်နိုင်သည်။
ပြည်တွင်းအခွန်များဦးစီးဌာန သတင်းအချက် အလက်နည်းပညာကို အကျိုးရှိစွာ အသုံးချ၍ အခွန်ကောက်ခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ အခွန်ထမ်းများ၏ အခွန်ထမ်းမှတ်ပုံတင်ခြင်း (e-Registration Management System) ဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဝင်ငွေခွန်ကြေညာလွှာ၊ လစာ နှစ်ချုပ်စာရင်း၊ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာများကို အခွန်ရုံးသို့တင်သွင်းခြင်း ဖြစ်သည့် အခွန်ထမ်းဆောင်မှုဆိုင်ရာလုပ်ငန်းစဉ်များ အစရှိသည်တို့ကို စီမံချက်များချမှတ်၍ စနစ်တကျ အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပြီး အခြားအခွန်ဆိုင်ရာ ကိစ္စရပ်များကိုလည်း သတင်း အချက်အလက် နည်းပညာသုံးစနစ်များဖြစ်ပေါ် လာစေရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ဌာနအနေဖြင့် အခွန်ဆိုင်ရာကိစ္စရပ်များကို လူပုဂ္ဂိုလ်ကိုယ်တိုင်ထိတွေ့ပါဝင်၍ လုပ်ဆောင် ရသောစနစ် (Manual System) မှ သတင်းအချက် အလက်နည်းပညာသုံး အလိုအလျောက် လုပ်ဆောင်မှုစနစ် (Automatic System Based IT) ကို ပြောင်းလဲအသုံးပြုရာတွင် စိန်ခေါ်မှုများစွာ၊ အခက်အခဲများစွာ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။ ထို့အတူ ထီကံစမ်းလေ့ရှိသည့် အများပြည်သူ အဆင်ပြေလွယ်ကူစေရေးအတွက် စနစ်သစ်တစ်ခု ကို အကောင်အထည်ဖော်ဆောင်ရာတွင် ကြုံတွေ့ ခဲ့ရသည့် ထီလက်မှတ်ရွေးချယ်ခြင်း၊ ထီလက်မှတ် ဝယ်ယူမှုအတွက် ငွေပေးချေခြင်း၊ မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့် ချိတ်ဆက်ခြင်းတို့တွင် ညှိနှိုင်းလုပ်ဆောင်ခဲ့ရသည့် အခက်အခဲများစွာလည်း ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ယခုအခါ အီလက် ထရွန်နစ်နည်းလမ်းဖြင့် အခွန်ထမ်းမှတ်ပုံတင် ခြင်းဆိုင်ရာ ကိစ္စရပ်များကို ၂၀၂၃ ခုနှစ် မေ ၂၃ ရက်တွင် စတင်လုပ်ဆောင်နိုင်ပြီဖြစ်သလို ဝင်ငွေခွန်ကြေညာလွှာများ၊ လစာနှစ်ချုပ်စာရင်းများ၊ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာများ အစရှိသည့် အခွန်ကြေညာလွှာများကို အီလက်ထရွန်နစ်နည်းလမ်းဖြင့် တင်သွင်းနိုင်ခြင်း၊ အွန်လိုင်း မှတစ်ဆင့် အခွန်ငွေပေးဆောင်နိုင်ခြင်းများကို လည်း လုပ်ဆောင်နိုင်ပြီဖြစ်သည်။
အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ် စတင်ဖြစ်ပေါ်လာခြင်း
၂၀၂၃ ခုနှစ် ဇွန် ၈ ရက်တွင် ကျင်းပပြုလုပ်သည့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ် စတင်ခြင်း ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ မိန့်ခွန်းမှ ကောက်နုတ်တင်ပြရလျှင် “အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ် စတင်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ထီကံစမ်းသူ မိဘပြည်သူများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနမှာ လက်ရှိကျင့်သုံး ဆောင်ရွက်လျက်ရှိသည့် အောင်ဘာလေသိန်းဆုထီလက်မှတ်များကို ပုံနှိပ်ရောင်းချသည့်စနစ်ကိုအသုံးပြု၍ ထီလက်မှတ်များ ဝယ်ယူခြင်းအပြင် ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်နှင့် လိုက်လျောညီထွေမှုရှိစေရန်အတွက် သတ်မှတ်ဈေးနှုန်းများအတိုင်း လွယ်ကူစွာထီကံစမ်းမှုပြုလုပ်နိုင်ရေး အောင်ဘာလေမိုဘိုင်း အက်ပလီကေးရှင်း (Aung Bar Lay Application) ကို အသုံးပြု၍ ထီလက်မှတ်များ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းကို တရားဝင်စတင်အသုံးပြုနိုင်ပြီ ဆိုသည်ကို သိရှိစေလိုသည့်အတွက် ကျင်းပပြုလုပ် ခြင်း” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် အများပြည်သူ အဆင်ပြေချောမွေ့စွာ ထီကံစမ်းမှုပြုလုပ်နိုင်ရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာနသည် အီလက်ထရွန်နစ်အသုံးပြု အောင်ဘာလေထီ (E-Lottery) စနစ်တစ်ခု အကောင်အထည်ဖော်နိုင်ရေးအတွက် ၂၀၁၄ ခုနှစ်တွင် စတင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြ သည်။ ထိုစဉ်အချိန်က လွှတ်တော်များတွင် အကြိမ်ကြိမ်တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည် ဖော်ဆောင်မှုအပိုင်းကို မရောက်ရှိခဲ့ပါ။
၂၀၂၀ ပြည့်နှစ်အစပိုင်းကာလများတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် မြန်မာနိုင်ငံသို့ ကူးစက် ပျံ့နှံ့လာခဲ့ပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍများစွာကို ထိခိုက်စေခဲ့ပြီး အောင်ဘာလေသိန်းဆုထီ ရောင်းချမှုကဏ္ဍသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကပ်ရောဂါ ကာလအတွင်း အောင်ဘာလေသိန်းဆုထီ လက်မှတ်များ ရောင်းချရာတွင် ရောင်းချ၍မရမှုများ၊ ထီ လက်မှတ်များပိုလျှံမှုများကြောင့် ထီဆုခွဲဝေမှုဆိုင်ရာ အခက်အခဲများဖြစ်ပေါ်ခဲ့ရသည်။ အခြားတစ်ဖက်တွင်လည်း ကပ်ရောဂါကာလအတွင်း အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာတင်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် အစည်းအဝေးများပြုလုပ်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်း၊ အွန်လိုင်း မှတစ်ဆင့်ငွေပေးချေခြင်းအစရှိသည့် ဒစ်ဂျစ်တယ် နည်းပညာအသုံးချလုပ်ငန်း လုပ်ဆောင်မှုများ တွင်ကျယ်လာသည်ခဲ့ကို တွေ့မြင်နိုင်သည်။
သို့ဖြစ်ရာ ပြည်တွင်းအခွန်များဦးစီးဌာနသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် မိုဘိုင်းအက်ပလီ ကေးရှင်းသုံး အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ် ပေါ်ပေါက်လာစေရေး အထက်အဆင့်ဆင့်သို့ တင်ပြ၍ စတင်အကောင်အထည်ဖော်ဆောင် ခဲ့ခြင်းဖြစ်သည်။
အများပြည်သူ အဆင်ပြေလွယ်ကူစေသည့် ထီကံစမ်းမှုနည်းလမ်းသုံးမျိုး
ယခုအခါ ပြည်တွင်းအခွန်များဦးစီးဌာနသည် ထီကံစမ်းလေ့ရှိသည့် မိဘပြည်သူများ အဆင်ပြေ လွယ်ကူစွာ ထီကံစမ်းနိုင်စေရေးအတွက်ရည်ရွယ်၍ အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ် စတင် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သလိုထို့အတူ လက်ရှိ ကျင့်သုံးလျက်ရှိသော ထီလက်မှတ်များ ပုံနှိပ်ဖြန့်ဖြူး ရောင်းချသည့်စနစ်ကိုလည်း ဆက်လက်ကျင့်သုံး မည်ဖြစ်သည်။
ထီကံစမ်းလေ့ရှိသူ မိဘပြည်သူများအနေဖြင့် ကျေးလက်နှင့် မြို့ပြကွာခြားမှုနည်းပါးစွာဖြင့် ထီ ကံစမ်းမှုကို နည်းလမ်းသုံးမျိုးဖြင့် လုပ်ဆောင်နိုင် တော့မည်ဖြစ်သည်။ ပထမနည်းလမ်းမှာ ယခင် ကလို အောင်ဘာလေသိန်းဆုထီအရောင်းဆိုင်များသို့ သွားရောက်၍ ထီလက်မှတ်များကို မိမိ စိတ်ကြိုက်ရွေးချယ် ဝယ်ယူကံစမ်းနိုင်ခြင်းဖြစ်သည်။ ဒုတိယနည်းလမ်းမှာ အောင်ဘာလေမိုဘိုင်း အက်ပလီကေးရှင်း (Aung Bar Lay Application) ကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာ ထီကံစမ်းမှုပြုလုပ်နိုင်ခြင်းဖြစ်သည်။ တတိယ နည်းလမ်းမှာ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ဝက်ဆိုက် (www.ird.gov.mm) (သို့မဟုတ်) https://aungbaronline.ird.gov.mm/ သို့ ဝင်ရောက်၍ ထီကံစမ်းမှုပြုလုပ်နိုင်ခြင်းပင်ဖြစ်သည်။
မြို့ပြနှင့် ကျေးလက်ရှိ မိဘပြည်သူများအနေဖြင့် ထီလက်မှတ်များကို အဆင်ပြေလွယ်ကူစွာ ရွေးချယ် ကံစမ်းနိုင်စေရန်အတွက် “က” မှ “စ” အထိ အက္ခရာ ခြောက်လုံးကို ထီလက်မှတ်များ ပုံနှိပ်ထုတ်ဝေ ဖြန့်ဖြူးပေးခြင်းဖြင့်လည်းကောင်း၊ “ဆ” မှ “ဌ” အထိ အက္ခရာခြောက်လုံးကို အွန်လိုင်းထီလက်မှတ် များအဖြစ်လည်းကောင်း ခွဲခြားသတ်မှတ်ပေးထား သည်။
၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်တွင် ကျင်းပပြုလုပ် မည့် (၅၂) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီ ဖွင့်ပွဲတွင် အထက်ဖော်ပြပါနည်းလမ်းများဖြင့် ထီကံစမ်းဝယ်ယူမှုများအားလုံး၏ ၇၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေပေးသွားမည်ဟု သိရှိရပြီး အမြင့်ဆုံးဆုငွေမှာ ငွေကျပ်သိန်း ၅၀၀၀ (သိန်း ငါးထောင်) ဖြစ်ကာ အနိမ့်ဆုံးဆုငွေမှာ ငွေကျပ် ၁၀၀၀၀ (ကျပ်တစ်သောင်း)ဟု သိရသည်။ ထီလက်မှတ်ဝယ်ယူကံစမ်းသည့် မိဘပြည်သူများ အနေဖြင့် ပေါက်မဲနံပါတ်ကို ယခင်ကလို နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိသည့် ထီပေါက်စဉ်ဖြင့် တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ပြီး အောင်ဘာလေ မိုဘိုင်း အက်ပလီကေးရှင်း အသုံးပြုသူများအနေဖြင့် ပေါက်မဲများကို SMS ရရှိခြင်း (သို့မဟုတ်) မိုဘိုင်း အက်ပလီကေးရှင်းတွင် ဝင်ရောက်ကြည့်ရှု စစ်ဆေး နိုင်မည်ဖြစ်သည်။
အောင်ဘာလေသိန်းဆုဌာနခွဲ၏ အချက် အလက်များအရ ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်မှ ၁၂ ရက် အထိ ရောင်းချပြီး ထီအုပ်ရေစုစုပေါင်းမှာ ၄၂၆၄၉၆ အုပ်ရှိပြီး ထီစောင်ရေအားဖြင့် စုစုပေါင်း ၄၆၉၁၄၅၆ စောင်ရှိပြီဖြစ်ကြောင်းနှင့် အောင်ဘာလေ အွန်လိုင်း သိန်းဆုထီစနစ်စတင်ခဲ့သည့် ၂၀၂၃ ဇွန် ၈ ရက် တစ်နေ့တာအတွင်း အွန်လိုင်းမှ ထီကံစမ်းဝယ်ယူ မှုမှာ စောင်ရေ ၉၄၄၈ စောင်ရှိပြီး ဇွန် ၈ ရက်မှ ၁၂ ရက် မွန်းတည့် ၁၂:၀၀ နာရီအထိ ငါးရက်တာ ကာလအတွင်း အွန်လိုင်းမှတစ်ဆင့် ထီကံစမ်း ဝယ်ယူမှုမှာ စုစုပေါင်းစောင်ရေ ၄၈၁၃၆ စောင် ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာန၏ အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်းသည် ပြောင်းလဲ မှုအစဖြစ်စေသည့်အပြင် အများပြည်သူ ပိုမိုကျယ်ပြန့်စွာ ထီကံစမ်းမှုပြုလုပ်နိုင်စေရေး နည်းလမ်းအသစ်များ ရှာဖွေလုပ်ဆောင်လျက် ရှိသည့်အတွက် အောင်ဘာလေ ထီကံစမ်းမှုပြုလုပ် ရာတွင် ပိုမိုလွယ်ကူစွာ ရွေးချယ်နိုင်မည့် နည်းလမ်းသစ်များ ထပ်မံထွက်ပေါ်လာဦးမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment