Monday, June 19, 2023

ဂိမ်းနွံအတွင်းက ထောက်ပို့ကလစ်ကာများ

စွမ်းပြည့်

လူငယ်ဘဝမှာ အရေးကြီးဆုံးအချက်က အနာဂတ်ရဲ့လူငယ်လေးတွေ လမ်းမှားမရောက်ရေးပါပဲ။ ဒီခေတ်ဒီကာလက ပိုလို့အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် မဖျက်ဖို့၊ အဖျက်ဆီးမခံရဖို့ဖြစ်ပါတယ်။ အများစုက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာတွေကြားမှာ ရုန်းကန်နေကြရတယ်။ တချို့ ဘဝရပ်တည်ဖို့ ခက်ခဲနေကြရတယ်၊ စိန်ခေါ်မှုမြောက်မြားစွာနဲ့ ကြုံတွေ့နေကြရတယ်၊၊ တချို့က ကိုယ့်ကိုယ်ကိုယ် လမ်းစပျောက်နေတယ်လို့ ထင်ကြတယ်။ တကယ်ကမပျောက်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ထင်နေတာပါ။ မဖြေရှင်းတတ်ကြတာ၊ ဖြေရှင်းဖို့နည်း မသိကြတာ၊ တိုးတက်ရာလမ်း မရှာတတ်ကြတာပါပဲ။ အဲဒီတော့ လမ်းမှားမှာ တဝဲလည်လည် ဖြစ်နေကြရတယ်။ အမုန်းစကားတွေကြား ဝေခွဲမရ၊ စာမဖတ်အား၊ လေ့လာအားနည်းတော့ အမှားအမှန်မသိ၊ အကောင်းမြင်နိုင်စွမ်းမရှိ၊ ဆင်ခြင်နိုင်စွမ်းမသိ၊ နောက်ဆုံးမှာ မဟုတ်တာ၊ မကောင်းတာ၊ အကျိုးမရှိတာတွေနဲ့ပဲ အချိန်ဖြုန်းကြရင်းက....

အကြမ်းဖက်လမ်းစဉ်အောက်က Online Game

Online Game တစ်ခုဟာ နောက်ဆုံးမှာသူတို့ရဲ့ အချိန်ဖြုန်းကိရိယာ ထွက်ပေါက်တစ်ခုဖြစ်လာ တယ်။ အွန်လိုင်းဂိမ်းအမျိုးအစားများစွာအနက် pdf game အမျိုးအစားတစ်ခုဟာဖြင့် ယနေ့လူငယ် တချို့ရဲ့အမုန်းတွေ၊ အာဃာတတွေ ဖြေရှင်းရာ လက်နက်တစ်ခုဖြစ်လာတယ်။ တချို့မသိစိတ်မှာ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစိတ်လေး တွေရှိနေတယ်။ တချို့က တော်လှန်ရေးခေါင်းစဉ် အမျိုးမျိုးတပ်ထားပေမယ့် လုပ်ရပ်က အကြမ်းဖက်ပုံစံအမျိုးမျိုးဖြစ်နေတယ်။ တော်လှန်လိုစိတ် ရှိသော်ငြား လုပ်ရပ်က အကြမ်းဖက်လုပ်ရပ်တွေသာ ဖြစ်နေပြီး တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ထိခိုက်မှုက နည်းနည်း၊ အများဆုံးက အပြစ်မဲ့ပြည်သူတွေ၊ ဘုန်းကြီးသံဃာတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူ ကလေးသူငယ် လူမမည် တွေ၊ တချို့ ဆရာဝန်သူနာပြုတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အပြစ်မဲ့လူထုလူတန်းစားပေါင်းစုံ ဘာကျန်မလဲ။ ထောင်နဲ့ချီ၊ သောင်းနဲ့ချီ သတ်လိုက်ကြတာ..ပျက်စီးသွားတဲ့ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံ တွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေ၊ ကျေးရွာရပ်ကွက် အိမ်ခြေအမြောက်အမြား.. ဒါတွေပါပဲ၊ အကြမ်းဖက်လမ်းစဉ်နဲ့ အကြမ်းဖက်လုပ်ရပ်ဆိုတာ။

နောက်ဆက်တွဲ ဆိုးဆိုးရွားရွားတွေနဲ့ ဘာမှကောင်းစရာမရှိတဲ့ဂိမ်း

ဒါကြောင့် မိမိကိုယ်တိုင် အဲဒီ pdf game မှာ ပါဝင်မိပြီဆိုရင် မိမိရဲ့ ဂိမ်းကလစ်တစ်ခုက လူသတ် အားပေးဖြစ်မှန်းမသိ ဖြစ်သွားပါပြီလို့ ဆိုလိုက်ပါရစေ။ နောင်သံသရာအဆက်ဆက် ပါဏာတိပါတာကံ ကျူးလွန်လျက်က အပါယ်ငရဲသက်ဆင်းလျက်သား ဖြစ်သွားပါပြီ။ မိမိဘက်က ဘာအကျိုးတရားတွေ ရလိုက်ပါသလဲ။ ဘာမှကို ရစရာမရှိတာပါ။ သတ်ချင်ဖြတ်ချင်စိတ်သာ များလာမယ်။ အနုနည်း၊ ငြိမ်းချမ်းသောနည်းနဲ့ ဖြေရှင်းဖို့ မကြိုးစား၊ အရာရာ အကြမ်းနည်းနဲ့သာ ဖြေရှင်းတတ်လာပြီး လူသတ် အားပေးမိတဲ့အတွက် အကုသိုလ်ငရဲသာရပါတယ်။ နောက်ဆုံးအချိန်ကုန်တယ်၊ ပိုက်ဆံကုန်မယ်၊မျက်စိ ထိခိုက်၊ ခေါင်းကိုက်ခါးကိုက်မယ်၊ ထမင်းမေ့ဟင်းမေ့ အာဟာရချို့တဲ့မယ်။

ဂိမ်းဆိုတာ စွဲတဲ့သဘောရှိတော့ ဦးနှောက် ထိခိုက်မယ်၊ စိတ်ဓာတ်ကျ၊ အထီးကျန်၊ အစွဲလွန်၊ အိပ်မပျော် ကြောင်တောင်တောင်ဖြစ်မယ်။ သည်းခံစိတ်၊ ကိုယ်ချင်းစာစိတ်တွေ နည်းလာပြီး ပေါင်းသင်း ဆက်ဆံရေး ပျက်ယွင်း၊ လူမှုရေးတာဝန်တွေ လစ်ဟင်းမယ်။ ကျောင်းစာတွေ ပျက်ကွက်၊ ဉာဏ်တွေတုံး၊ ပညာရေးနှောင့်နှေးမယ်၊ တောက်လျှောက် အထိုင်များတော့ သွေးလေးမယ်၊ လူကဝလာမယ်၊ အဆီပိတ်မယ်၊ သွေးတိုးဆီးချိုရမယ်၊ နှလုံးသွေးကြောပိတ်မယ်၊ နောက်ဆုံးငယ်ငယ်ရွယ်ရွယ်နဲ့ အသက်တိုမယ်၊၊ ကဲ..ဘာကောင်းတာရှိမလဲ၊ ကိုယ့် အတွက်လည်းမကောင်း၊ အများအတွက်လည်း မကောင်း၊ မိသားစုတာဝန်၊ လူမှုရေးတာဝန်မကျေပွန်၊ ကိုယ့်ကြောင့် လူတွေ သေကျေထိခိုက်ပျက်စီးရ၊ ဘဝတွေပျက်ကြရ။

ဖြစ်စေချင်တဲ့စေတနာ

ဆိုလိုတာက လူငယ်တွေကို လမ်းမှားမရောက်စေချင်၊ လမ်းမှန်ကိုသာ ပို့ချင်တဲ့စေတနာနဲ့ပါ။ဂိမ်းစွဲ လူငယ်တွေကတော့ ထင်မှာပေါ့။ သူတို့လုပ်ရပ်က တော်လှန်ရေးကို ထောက်ပို့လုပ်နေတာ၊ တော်လှန် ရေးကလစ်ကာတွေပေါ့။ digital striker တွေပေါ့၊ တော်လှန်ရေးကလစ်ကာကနေ အကြမ်းဖက်၊ လူသတ်ကလစ်ကာတွေ ဖြစ်နေမှန်း မသိရှာဘူး။ တချို့ထင်ကြတယ်၊ နည်းပညာအသစ်တွေနဲ့ ကစား တာဆိုတော့ သူတို့လုပ်ငန်းကို လွယ်လွယ်နဲ့ သိနိုင်စရာအကြောင်းမရှိဘူး။ pdf game ကစားလို့ ဥပဒေအရ အရေးယူခံရနိုင်တယ်ဆိုတာ.. ကြောက်စရာမလိုဘူး။ ခြိမ်းခြောက်နေတာစသဖြင့် ဘာညာဘာညာ..။ စဉ်းစားရမှာက နည်းပညာပိုင်း မဟုတ်၊ high tech တွေကြောင့် လုံခြုံမှုရှိတယ်၊ ဘယ်လိုမှခြေရာခံလို့လည်းမရဘူး စသဖြင့် ဒါတွေကြောင့်လည်း မဟုတ်ပါဘူး။ အဓိကက ဆင်ခြင်တုံ တရား.. လူသားတစ်ယောက်မှာ ထားရှိရမယ့် လူသားဝတ္တရား တာဝန်ကျေပွန်မှု၊ အကြင်နာ၊ စာနာ၊ သနားငဲ့ညှာမှု၊ ကိုယ့်ကြောင့် သူတစ်ပါး မိသားစုဘဝတွေ မပျက်စီးစေလိုမှု၊ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို အများအတွက် ပရဟိတစိတ်နဲ့ အသုံးချလိုစိတ်ရှိမှု၊ ကိုယ့်ကိုယ်ကိုယ်ကျန်းမာအောင် နေတတ်မှု၊ ပညာတတ်တစ်ယောက်ဖြစ်အောင် ကြိုးစားမှု၊ ဒါကိုပဲဖြစ်စေချင်တာ။

မိဘတွေအနေနဲ့လည်း လေ့လာစောင့်ကြည့်သင့်တဲ့အရာ

နိုင်ငံတော်က အကြမ်းဖက်လုပ်ငန်းတွေ ရပ်တန့်သွားအောင်၊ အပြစ်မဲ့ပြည်သူတွေ မသေ အောင် pdf game application အသုံးပြုသူတွေကို ထိထိရောက်ရောက်အရေးယူမယ်လို့ အကြိမ်ကြိမ် ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကို ပြည်သူအားလုံးက အလေးအနက်ဂရုပြုသင့်တယ်လို့ ထင်ပါတယ်။ မှန်ပါတယ်၊၊ လူသတ်သမားတွေဆီ ရောက်မယ့် ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက် ချင်လို့ပါပဲ။ သူတို့ကတော့ ပြောပါလိမ့်မယ်၊ နိုင်ငံတော်က ထုတ်ပြန်ကြေညာချက်တွေကို ဂရုစိုက်စရာမလိုဘူး၊ ထောက်ပို့ကလစ်ကာတွေကို မရပ်ပါနဲ့၊ မကြောက်ပါနဲ့ စည်းရုံးသိမ်းသွင်းပါလိမ့် မယ်။ ဘာဖြစ်လို့လဲဆိုရင် အခုလို pdf game click တွေကြောင့် သူတို့ဆီဝင်တဲ့ဝင်ငွေတွေဟာ လအလိုက် သိန်းချီထောင်ချီ ပမာဏများပြားတဲ့အတွက် ကြောင့်ပါပဲ။ ဒီလို သိန်းထောင်ချီပမာဏရနေတဲ့ ဝင်ငွေ ရပ်တန့်သွားမှာ သေမလောက်ကြောက်ပါ တယ်။ ဒါကြောင့် ပြောပါတယ်၊ ကိုယ့်ရဲ့ ကလစ် တစ်ခုကြောင့် ဒီလိုအကြမ်းဖက်ဖြစ်စဉ်တွေမှာ ပါဝင်သွားမိတယ်ဆိုရင် အလွန်ကိုမိုက်မဲရာကျတာပေါ့။ မိဘတွေအနေနဲ့လည်း မိမိတို့သားသမီးတွေရဲ့ ဂိမ်းကစားတဲ့အလေ့အထကို လေ့လာစောင့်ကြည့် သင့်ပါတယ်။ သာမန်ရိုးရိုးဂိမ်းကစားတာက အကြောင်းမဟုတ်ပါဘူး။ အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ သွယ်ဝိုက်ပတ်သက်ပြီး မိမိရဲ့သားသမီးတွေ ကိုယ်တိုင်ပါဝင်ပတ်သက်နေလို့ ဒါမှမဟုတ် အရေးယူခံရတဲ့အခြေအနေ၊ ဒီအခြေအနေတွေကြောင့် နောက်မှနောင်တရ၊ ဝမ်းနည်းစရာအဖြစ် တွေမဖြစ်အောင် ကြိုတင်ဗဟုသုတရှိပြီး မိမိသားသမီးတွေကို ထိန်းကျောင်းသင့်တယ်လို့ ယူဆမိပါတယ်။

မြင်အောင်ကြည့်ရမယ့် ပီဒီအက်ဖ်ဂိမ်းစီးပွားရေးသမားတွေရဲ့ထောင်ချောက်

ဒီတော့ pdf game ဆိုတာ ဘယ်လိုapplication လဲ၊ လေ့လာကြည့်တော့ ပီဒီအက်ဖ်တွေ သူတို့ ကိုယ်တိုင်ထွင်ထားတဲ့ ဖြားယောင်းသိမ်းသွင်းခြင်း ဂိမ်းတစ်မျိုးပါပဲ။ ဂိမ်းဆိုပေမယ့် ကြော်ငြာလည်းပါ တယ်။ ဂိမ်းလည်းကစား ကြော်ငြာလည်းကြည့်ပေါ့။ ကြော်ငြာဆိုတာက Google နဲ့ ချိတ်ထားတာ၊ ကြော်ငြာအများစုက ယူကေနဲ့ယူအက်စ်က လာတယ်ဆိုတော့ အပျက်သဘောဖန်တီးသူတွေရဲ့ ဘယ်လိုစေတနာဆိုးလဲ၊ သဘောပေါက်လွယ်မှာပါ။ ဂိမ်းက တိုက်ပွဲဂိမ်း၊ ပစ်ခတ်မှုတွေပါတယ်၊ တိုက်ပွဲ တစ်ပွဲ ဘယ်လိုတိုက်မလဲ၊ အက်ပလီကေးရှင်းက သင်ပေးတယ်၊ လူငယ်တွေကိုဆွဲဆောင်တဲ့အနေနဲ့ ခေတ်မီသေနတ်မျိုးစုံကို ကိုင်တွယ်ရတယ်။ သွေးဆာနေသူတွေအတွက် ကျေနပ်စရာတော့ ကောင်းတာပေါ့။ တိုက်ပွဲတစ်ပွဲအတွက် ကနဦး ပေးထားတဲ့ကျည်က ၄ဝ၊ ၅ဝ လောက်ပဲပါပါတယ်။ ဒီအခါ ပစ်ရခတ်ရတဲ့အခါ ဘယ်လိုမှမလောက်နိုင် ပါဘူး၊၊ မလောက်ငအောင်လည်း တမင်ဖန်တီးထား တာ၊ အဲဒီအတွက် ကျည်အမြန်ဖြည့်ဖို့ လိုလာတယ်၊ ကျည်ဖြည့်တင်းဖို့ မဖြစ်မနေလုပ်ရမယ့်အလုပ်က ကြော်ငြာကို များများကြည့်ပေးဖို့ပါပဲ။ ကျည်ကုန် တိုင်း တက်လာတဲ့ကြော်ငြာကို ကြည့်ပေးရတယ်၊

ကျည်ကုန်တာကလည်းမြန်၊ ကြော်ငြာတစ်ခုကြည့် တိုင်းလည်း ကျည်က ၁ဝ တောင့်လောက်ပဲဖြည့်ပေး တာ၊ ထပ်တလဲလဲဖြည့်လိုက်၊ ကုန်လိုက်၊ကြည့်လိုက်ပေါ့။ ကျည်ကသာ အကုန်မြန်တာ၊ ကြည့်ရတဲ့ကြော်ငြာက တစ်ခါကြည့် ငါးမိနစ်၊ ၁ဝ မိနစ် ကြာတယ်။ တကယ်လို့ ကိုယ်က ကြော်ငြာမကြည့်ဘူး ဆိုပါစို့၊ သတ်မှတ်ထားတဲ့ အချိန်ပြည့်သွားရင် ကိုယ်က တိုက်ပွဲ ကျမှာပဲ၊ တိုက်ပွဲကျမှာစိုးလို့ မခံချင်ဘဲ ဆက်တိုက်ရင်လည်း ကိုယ့်ဘက်က ရှိသမျှပြောင်ဖို့ပဲ။နောက်ဆုံး ဂိမ်းကိုစွဲ၊ စီးပွားရေးသမားတွေရဲ့လှည့်ကွက်ထဲမှာ ဂိမ်းဖန်တီးရှင် ပီဒီအက်ဖ်ရဲ့ သားကောင်ဘဝရောက်ရ တာပါပဲ။ တိုက်ပွဲပစ်ခတ်ချိန်ထက် ကြော်ငြာကြည့် ချိန်ကပိုများနေတဲ့အခြေအနေက ပီဒီအက်ဖ်ဂိမ်း ဖန်တီးသူတွေရဲ့ စီးပွားရေးကစားကွက်ပါပဲ၊၊

အမုန်းအာဃာတတွေရိုက်သွင်းရာ လက်နက်ကိရိယာတစ်ခုမျှသာ

ဒီအချက်ကို ဂိမ်းကစားတဲ့လူငယ်လေးတွေနဲ့မိဘတွေ မြင်အောင်ကြည့်စေချင်တယ်၊ စီးပွားရေး သမားတွေအတွက်ကတော့ တစ်ချက်ခုတ် သုံး၊လေး ချက် ပြတ်သွားမလောက်ပါပဲ၊၊ စီးပွားရေးအမြတ် အစွန်း၊ အကြမ်းဖက်အားပေးတာနဲ့ လူငယ်တွေရဲ့ စိတ်ဓာတ်တွေကို အညွန့်ခူးရိုက်ချိုးလိုက်တာပါပဲ။ ဒီငွေတွေ စီးပွားရေးသမားတွေ လက်ထဲရောက်သွား တော့ ဘာလုပ်မလဲ၊ အကြမ်းဖက်လုပ်ဖို့ လူသတ် လက်နက်ပဲ ဝယ်မှာပေါ့၊ တိုင်းပြည်ပျက်ဖို့ ဖျက်ဆီး ကြမှာပေါ့၊၊ လူငယ်ရဲ့သဘောသဘာဝက စူးစမ်းချင် တယ်၊ သွေးဆူလွယ်တယ်၊ အသစ်အဆန်းဆို လုပ်ကြည့်ချင်တယ်။ ဒီလက္ခဏာတွေက အဖျက် သမားတွေရဲ့အကြိုက်။ ကောင်းတဲ့ဘက်မှာဆို အလွန်အသုံးကျလောက်ပေမယ့် အကြမ်းဖက် စိတ်ဓာတ် ရိုက်သွင်းခံထားရတဲ့လူငယ်တွေ အတွက်တော့ မီးလောင်ရာလေပင့် လောင်စာတစ်မျိုး ဖြစ်သွားရော။ ဒီလိုအနေအထားမျိုးကတစ်ဆင့် အကြမ်းဖက် စစ်သွေးကြွပုံစံတွေဖြစ်လာမယ်၊ မိမိ ပစ်မှတ်တွေအပေါ် အလွန်ရင့်သီးတဲ့ အသုံးအနှုန်းတွေကို သုံးစွဲဖန်များလာတဲ့အခါ မိမိမသိစိတ်မှာ အမုန်းတွေ၊ အာဃာတတွေသာ ကြီးစိုးလာပါတော့တယ်၊၊ ဒါဟာ အဖျက်သမားတွေ အလိုချင်ဆုံး ပျက်သုဉ်းရေး အမှတ်လက္ခဏာတွေပါပဲ။ ကျွန်တော်တို့အနေနဲ့ မိဘနေရာကသဘောထားပြီးကျွန်တော်တို့ သားသမီးလူငယ်တွေကို ဒီလိုအခြေအနေဆိုးဆီ မရောက်စေချင်ပါဘူး။ ရောက်နေတဲ့ကလေးတွေကို လည်း အချိန်မီဆွဲတင်နိုင်ရပါမယ်၊၊

နောက်ဆုံးပြောချင်တာက လူငယ်တွေအနေနဲ့ ရည်မှန်းချက်ရှိပါ။ ဒီအချိန်ကအားလုံးမှာ ဖိစီးမှုတွေနဲ့ ကျပ်တည်းကြတာပါပဲ။ ဒါပေမယ့် ကိုယ့်ဘဝအနာဂတ်လှပဖို့ အခွင့်အလမ်းတစ်ခုခုတော့ ရှိနေမှာ ဖြစ်တဲ့အတွက် ပညာဉာဏ်အမြော်အမြင်နဲ့ အခွင့် အလမ်းကို ရအောင်ရှာပြီး ကိုယ့်အတွက် အားသာချက် တွေရအောင် ဖန်တီးပါလို့ တိုက်တွန်းချင်ပါတယ်။

ပညာဉာဏ်အတွက်တော့ စာများများဖတ်၊ များများလေ့လာပါ။ ထောင့်စုံအောင်တွေးပါ၊ မိဘ ဆရာသမားစကားနားထောင်ပါ၊ မိမိကြောင့် မိမိမိဘတွေ၊ ညီအစ်ကိုမောင်နှမတွေ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဒုက္ခမရောက်ကြပါစေနဲ့၊၊ အတွေ့အကြုံ ရှိသူတွေဆီက လေ့လာသင်ယူပါ၊ မေးမြန်းပါ၊ အကြံဉာဏ်တောင်းပါ။ အတိုင်းအတာတစ်ခုမှာ ပိုင်းခြားဆင်ခြင်သုံးသပ်တတ်လာပါလိမ့်မယ်။

နောက်ဆုံး အမှား၊ အမှန် ခွဲခြားတတ်လာပါလိမ့်မယ်။ ဘယ်ဟာအမှား ဘယ်ဟာအမှန်၊ ဆောင်ရန် ရှောင်ရန်နဲ့တကွ ဘာကိုတော့ လုပ်သင့်တယ်၊ ဘာကိုတော့ မလုပ်သင့်ဘူး ခွဲခြားတတ်လာပါလိမ့် မယ်၊၊ အနည်းဆုံးတော့ အခုလိုကာလမှာ ပီဒီအက်ဖ်ဂိမ်းဆိုတာကြီးကို ဝေးဝေးက ရှောင်စေချင်ပါတယ်၊ လက်တည့်လည်း မစမ်းပါနဲ့၊ ပါဝင်ပတ်သက်နေမိရင်လည်း မြန်မြန်ခွာပါ၊ မိမိဖုန်းထဲ ထားသိုသိမ်းဆည်း ထားတဲ့ ပီဒီအက်ဖ်ဂိမ်းအက်ပလီကေးရှင်းတွေကို အမြန်ဖျက်ပါ။ ရှာဖွေသိမ်းဆည်းခံရတဲ့အခါ အကြမ်းဖက်ဥပဒေအရ အရေးယူခံရနိုင်တဲ့ အခြေ အနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဘဝနဲ့ ယှဉ်ပြီး အလေးအနက်ထားစဉ်းစားကြပါ။

နောက်ဆုံးရဲ့နောက်ဆုံးမှာ မှာချင်တာတစ်ခုပဲ ရှိပါတယ်။ ကိုယ့်ဘဝမှာ ရွေးချယ်မှုမှန်မှန်ကန်ကန်နဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်ရာရောက်မယ့်လမ်းကို မရွေးချယ်မိကြစေဖို့ပါပဲ...   


No comments:

Post a Comment