Sunday, June 4, 2023

အခြေခံပညာအထက်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ သက်မွေးပညာ ပြောင်းလဲဖွံ့ဖြိုးမှုကဏ္ဍသစ်၏ လင်းရောင်ခြည်များ

 

ရန်ကုန် ဇွန် ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာ နတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာ အထက်တန်းကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို ယနေ့တွင် စတင်ဖွင့် လှစ်သည်။

အဆိုပါကျောင်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ခရိုင် ၅၀ ၏ မြို့နယ်များ၌ အခြေခံပညာအ ထက်တန်းကျောင်း ၅၁ ကျောင်းအား စတင်ဖွင့်လှစ်သင်ကြားရာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းရှိ အခြေခံပညာအထက်တန်းကျောင်းစိုက်မွေး၊ တွံတေးမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း သဝန်းတော၊ မှော်ဘီမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း-ညောင်နှစ်ပင်၊ လှည်းကူးမြို့နယ်ရှိ အခြေခံပညာ အထက်တန်း ကျောင်း-ငါးဆူတောင် အပါအဝင်ကျောင်းသား ကျောင်းသူ ၄၇၁၇ ဦး တက်ရောက် သင်ကြား လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းလေးကျောင်း၌ ၄၄၄ ဦး စတင်တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုနှင့်အညီ အလယ်တန်းဆင့်(Grade -9) ပြီးမြောက် အောင်မြင်ကြသည့်ကျောင်းသား ကျောင်းသူများအား စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကိုရရှိစေရန် ဖော်ဆောင် ခဲ့ရာ ယနေ့တွင် စတင်ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် ၎င်းတို့သင်ကြားလိုသော ပညာရပ်များကို အထက်တန်းဆင့်တွင် သင်ကြားခွင့်ရရှိ၍ ယင်းတို့၏ အနာဂတ်အိပ်မက်များကို အကောင်အထည်ဖော် ခွင့်ရရှိသည့်အတွက် ကျောင်းသား ကျောင်းသူ များနှင့် မိဘတို့၏ မျက်ဝန်းများတွင် ပြုံးပန်းဝေလျက် ရှိသည့်အပြင် သင်ကြားပေးကြသည့်ဆရာ ဆရာမများမှာ တက်ကြွလန်းဆန်းလျက်ရှိသည်။

ပညာသင်ကြားမှုအခွင့်အလမ်းတွေတိုးတက်

ဒဂုံမြို့သစ်တောင်ပိုင်း အခြေခံပညာအထက်တန်းကျောင်း စိုက်မွေးကျောင်းအုပ်ကြီး ဒေါ်ခင်ရီမြင့်က “ ယခုလိုဘာသာရပ်များကို သင်ကြားပေးခွင့်ရတာကျေနပ်ပါတယ်၊ ကျောင်းသား ကျောင်းသူတွေအတွက် ပညာသင်ကြားမှုအခွင့်အလမ်းတွေတိုးတက်ပြီး အလုပ်အကိုင်တွေလည်း တိုးတက်လာမှာပါ။ စက်မှုဘာ သာရပ်မှာ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ စက်မှုဆိုင်ရာ ဘာသာရပ်ကို သင်ကြားပေးပြီး စိုက်ပျိုးရေး ဘာသာရပ်ဆိုရင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝဗေဒ၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ စိုက်ပျိုးရေးဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားပေးသွားမှာပါ။ မွေးမြူရေးဘာသာရပ်မှာ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ စာရိတ္တနဲ့ပြည်သူ့နီတိနဲ့ မွေးမြူရေး ဘာသာရပ်တွေကို သင်ကြားပေးမှာပါ။ လက်တွေ့ ပိုင်းဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေကို သက်ဆိုင်ရာဝန်ကြီး ဌာနတွေအပြင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကူညီထောက်ပံ့ပေးထားတာလည်း ရှိပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့ ဇွန် ၁ ရက်မှာ စတင်ဖွင့်လှစ် တာဖြစ်တဲ့အတွက် ပညာသင်ကြားမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်လာမှုအပေါ် ကျောင်းသား ကျောင်းသူတွေနဲ့ မိဘတွေရဲ့ ကိုယ်စား နိုင်ငံတော်ဝန်ကြီးချုပ်ကို ကျေးဇူးအထူး တင် ပါတယ်”ဟု ပြောကြားခဲ့သည်။

စက်မှုဘာသာရပ်တွင် သင်ကြားပေးနေသည့် ဆရာမ ဒေါ်ဝါဝါလှိုင် က “ဒီကျောင်းမှာ စာသင်ချိန် ကမနက် ၈ နာရီကနေ မွန်းလွဲ ၂ နာရီခွဲအထိ သင်ပါတယ်။ အသက်မွေးဝမ်း ကျောင်းပညာ ရပ်အနေနဲ့ အဆောက်အအုံ နည်းပညာ၊ လျှပ်စစ်နည်းပညာ၊ စက်ပစ္စည်းအစိတ် အပိုင်းထုတ်လုပ်မှု နည်းပညာတွေကို ဘာသာရပ်အလိုက် စာတွေ့၊ လက် တွေ့သင်ကြားပေး မှာ ဖြစ်ပါတယ်။ ဒီထဲမှာမှ အခြေခံနည်းပညာ၊ အခြေခံနည်းပညာပုံဆွဲ၊ အခြေခံကွန်ပျူတာဘာ သာရပ်တွေကို ပထမနှစ်သင်တန်းက နေသင်ကြားပေးသွားမှာဖြစ်ပါတယ်။ ကလေးတွေက အင်ဂျင်နီယာ ဖြစ်ချင်ပြီး ဒီဘာသာရပ်ကို စိတ်ဝင်စားတဲ့အတွက် ကျွမ်းကျင် တတ်မြောက်အောင် သင်ကြားပေးသွားမှာပါ”ဟု ပြောသည်။

လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်

စိုက်ပျိုးရေးဘာသာရပ်ကို သင်ကြားပေးသည့် ဆရာမ ဒေါ်ဇာခြည် ထွေးက “ စိုက်ပျိုးရေး ဘာသာရပ်တွေထဲမှာ သီးနှံစိုက်ပျိုးထုတ်လုပ် မှုထဲက မြေဆီလွှာသိပ္ပံဘာသာရပ်ကို သင်ကြားပို့ချ မှာဖြစ်ပါတယ်။ ကလေးတွေက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်တွေကို ရွေးချယ် တက်ရောက်ခွင့် ရတာကြောင့် လုပ်ငန်းခွင်ဝင်မယ်ဆိုရင် သူတို့ရဲ့ စာသင် ခန်းအတွေ့ အကြုံတွေက အထောက်အပံ့ဖြစ်လာမှာပါ။ လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေး မယ့်စာသင်ကျောင်းပါ။ လက်တွေ့ ၅၀ ရာခိုင်နှုန်းနဲ့ စာတွေ့ ၅၀ ရာခိုင်နှုန်း သင်ကြားပေးပြီးတော့ နောက်ပိုင်းမှာလက်တွေ့ဘာသာရပ်ပိုများပြီးအသုံးချနိုင်အောင် သင်ပေးသွားမှာပါ။ အခုလိုသင်ကြားပေးမှုဟာ ကလေးတွေရဲ့အနာဂတ် အတွက် အထူးကောင်း မွန်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင်လည်း သင်ကြားပေးလိုက်တဲ့ဘာသာရပ် လက်တွေ့ လုပ်ဆောင်မှုများဟာ အထောက်အပံ့ဖြစ်စေမှာပါ။ နိုင်ငံတော်အတွက်လည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုမှာ များစွာအထောက်အကူဖြစ်စေမယ် လို့မြင်ပါတယ်”ဟု ပြောသည်။

မွေးမြူရေးဘာသာရပ်ကို သင်ကြားပေးသည့် ဆရာမ ဒေါ်ကြည် ကြည်မြင့်ကလည်း “ယခုဖွင့် လှစ်တဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတွဲဖက် သင်ယူနိုင်တဲ့ နိုင်ငံတစ်ဝန်းက ခရိုင် ၅၀ မှာရှိတဲ့ ကျောင်းပေါင်း ၅၁ ကျောင်းမှာ ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက် အဲဒီဒေသကကျောင်းသား ကျောင်းသူတွေ အလွယ်တကူတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ မွေးမြူရေးဘာသာရပ်မှာဆိုရင် ကြက်မွေးမြူထုတ်လုပ်ရေး၊ ရေသတ္တဝါ မွေးမြူရေးနဲ့ ပျားမွေးမြူရေး၊ စားမြုံ့ပြန် သတ္တဝါမွေးမြူထုတ်လုပ်ရေး ဘာသာရပ်နဲ့ စိုက်ပျိုးရေးအရံဘာ သာရပ်တစ်ခုဖြစ်တဲ့ စိုက်ပျိုးရေး ဘာသာရပ်ကို သင်ကြားပေးသွားမှာပါ။ သင်ကြားတတ်မြောက်သွားပြီ ဆိုရင် ကလေးတွေ  ကိုယ်တိုင် လက်တွေ့မွေးမြူနိုင်တဲ့အပြင် ဌာနဆိုင်ရာ မှာလည်း တာဝန်ထမ်းဆောင်နို င်မှာဖြစ်တဲ့အတွက် ထူးချွန်တဲ့ပေါ်မှာမူတည်ပြီး အသက်မွေးဝမ်းကျောင်းပညာ ရပ်တွေရရှိ စေမှာပါ။ နိုင်ငံတော်က ဖွင့်လှစ်ပေးတဲ့အတွက် ကလေးတွေရဲ့အနာဂတ်ကို မျှော်မှန်း ပြီး ဝမ်းသာပီတိဖြစ်ရပါတယ်”ဟု ပြောသည်။

စက်မှုဘာသာရပ်ကိုတွဲဖက်သင်ယူနေသည့် မောင်ကောင်းစည်သူ က “စက်မှုဘာသာရပ် ကိုယူရတာက ငယ်စဉ်ကတည်းကအဆောက်အအုံ တွေဆောက်ရတာဝါသနာပါတယ်။ သားရဲ့အနာဂတ် အိမ်မက်က အင်ဂျင်နီယာဖြစ်ချင်တာဖြစ်တဲ့အတွက် အခုလိုသင်ကြားခွင့်ရတာ အတိုင်းမသိဝမ်းသာတယ်။ မနှစ်ကတည်း က ကျောင်းအုပ်ကြီးက စက်မှု ဘာသာရပ်ကို သင်ကြားနိုင်ဖို့ နိုင်ငံတော်က ဆောင်ရွက်ပေး နေတယ် ဆိုတာသိရတော့ သားဝါသနာကို လက်တွေ့အကောင်အထည် ဖော်လို့ရပြီဆိုတဲ့အသိက ကျောင်းမြန်မြန် တက်ချင်စိတ် ကိုဖြစ်စေခဲ့တယ်”ဟုပြောသည်။

မွေးမြူရေးဘာသာရပ်ကိုတွဲဖက်သင်ယူနေသည့် မောင်နေဆက်က “ကျွန်တော် ငယ်ငယ်လေးကတည်းက တိရစ္ဆာန်လေးတွေမွေးရတာ ဝါသနာပါတယ်။ အခုလိုကျောင်း တက်ဖြစ်တာက ကျောင်းမှာ သင်ကြားမယ့် ဘာသာရပ်တွေထဲမှာ သားဝါသနာပါတဲ့ မွေးမြူရေး ဘာသာရပ်ကို တွေ့လိုက်ရတော့ အတိုင်းမသိဝမ်း သာရတယ်။ ဆရာ ဆရာမတွေကို မေးမြန်းပြီး စိတ်ဝင်စားတဲ့ဘာသာရပ်ဖြစ်လို့ တက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ Grade-10 ပညာကို သင်ယူနိုင်တဲ့အပြင် မိမိဝါသနာပါတဲ့ မွေးမြူရေးဘာသာကို စာတွေ့၊ လက်တွေ့ သင်ကြားခွင့်ရတဲ့ အတွက် ပျော်လည်းပျော်ရွှင်ပါတယ်”ဟု ပြောသည်။

စိုက်ပျိုးရေဘာသာရပ်ကို အထူးစိတ်ဝင်စားသည့် မသော်တာဦးက “သမီးက Grade-10 မှာ ပညာသင်ကြား နေပြီးတော့ စိုက်ပျိုးရေး အထူးပြုသိပ္ပံဘာသာရပ်ကို တွဲဖက်သင်ယူနေပါတယ်။ ဒီဘာသာကိုယူ ဖြစ်တာက အိမ်မှာအဘိုးက သီးနှံပင်တွေစိုက်တယ်၊ အဘွားက ပန်းပင် မျိုးစုံစိုက်တယ်။ သူတို့ပြုစုပျိုးထောင်ထား တဲ့အပင်တွေ သေသွားရင် သမီးအရမ်းနှမြောတယ်။ ဘာကြောင့်အပင်တွေသေသွားတယ် ဆိုတာအဘိုးနဲ့အ ဘွားဂရုမထားပေမယ့် သေဆုံးရတဲ့အကြောင်းကို သေသေ ချာချာထောက်ပြချင်တယ်။ ဘယ်လိုရှင်သန် အောင်ပြုစုပျိုးထောင်ရမယ် ဆိုတာလည်း ပြောပြချင်တယ်။ အပင်နဲ့ပတ်သက်ရင် ဝါသနာလည်းပါလို့ ဒီဘာသာရပ်ကိုယူဖြစ်တာပါ။ အခုလို Grade - 10 အဆင့်မှာ မိမိဝါသနာပါတဲ့ ပညာရပ်ကို သင်ကြားခွင့်ရပြီး လက်တွေ့အသက်မွေးပညာ ရပ်တစ်ခုအနေနဲ့ လက်တွေ့အသုံးချခွင့် ရတဲ့အပြင် မိမိဝါသနာကနေအိပ် မက်တွေကို အကောင် အထည်ဖော်ခွင့်ရတဲ့အတွက် ဒီကျောင်းမှာ ဒီဘာသာရပ်ကိုသင်ယူခွင့်ရတာ ဂုဏ်ယူပါတယ်။ မိမိဝါသနာပါတဲ့ ပညာ ရပ်ကို နိုင်ငံတော်ကပံ့ပိုးပြီး မိဘတွေကလည်းအား ပေးကူညီနေတဲ့ အတွက် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။            

ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်ဇင်မာအောင်က “ကျွန်မ သားလေးက စက်မှုဘာ သာရပ်မှာ သင်ယူနေပါတယ်။ အခုလို သူဝါသနာပါ တဲ့ ဘာသာရပ်ကို သင်ကြားနေ တာမြင်ရတော့ရင်ထဲမှာ မိခင်တစ်ယောက် အနေနဲ့ ဖော်မပြနိုင်အောင် ဝမ်းသာပီတိဖြစ် ရပါတယ်။ ကလေးက စက်ပစ္စည်းနဲ့ပတ် သက်ရင် ငယ်စဉ်ထဲက စိတ်ဝင်စားတယ်။ ကျောင်းမှာ သုံးနှစ်တက်ရောက်ပြီး ထူးချွန်ရင်ထူးချွန်သလို GTI, GTC နဲ့ နည်းပညာ တက္ကသိုလ်ကို တက်ရောက်နိုင်မှာဖြစ်တဲ့အတွက် အားလည်းပေးနေပါတယ်။”

စက်မှုနည်းပညာရပ်ဖြင့် အထူးအောင်မြင်သူများသည် နည်းပညာ တက္ကသိုလ်(အင်ဂျင်နီယာဘွဲ့) ခြောက်နှစ်နှင့် အစိုးရနည်းပညာကောလိပ် (နည်းပညာဘွဲ့) လေးနှစ်ကို လည်းကောင်း၊ အဆင့်မီအောင်မြင်သူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်ဂျင်နီယာ နည်းပညာဒီပလိုမာ) သုံးနှစ် ကိုလည်းကောင်း ဆက်လက်လျှောက် ထား တက်ရောက်နိုင်မည်ဖြစ်သည်။

စိုက်ပျိုးရေးအတတ်ပညာဖြင့် အထူးအောင်မြင်သူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (စိုက်ပျိုးရေးသိပ္ပံဘွဲ့) ငါးနှစ်ကိုလည်းကောင်း၊ အဆင့်မီအောင်မြင်ပါက စိုက်ပျိုးရေးသိပ္ပံ (စိုက်ပျိုးရေး ဒီပလိုမာ) သုံးနှစ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(စက်မှုလယ်ယာနည်းပညာဒီပလိုမာ) သုံးနှစ်ကို လည်းကောင်း ဆက်လက်သင်ကြားနိုင်မည်ဖြစ်သည်။

မွေးမြူရေးပညာရပ်တွင် အထူးအောင်မြင်သူများသည် မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ် (တိရစ္ဆာန်ဆေး ပညာဘွဲ့) ခြောက်နှစ်နှင့် (မွေးမြူရေးပညာဘွဲ့) လေးနှစ်ကို လည်းကောင်း၊ အဆင့်မီ အောင်မြင် သူများသည် စိုက်ပျိုးရေးသိပ္ပံ(မွေးမြူရေးဒီပလိုမာ) သုံးနှစ်နှင့် ငါးလုပ်ငန်း သိပ္ပံ(ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ) သုံးနှစ်တို့ကို ဆက်လက်တက်ရောက် နိုင်မည်ဖြစ်သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အလယ်တန်းဆင့်(Grade-9)ပြီးမြောက်အောင်မြင်သည့် ကျောင်းသားကျောင်း သူများအနေဖြင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို ရန်ကုန်မြို့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) အထက-စိုက်မွေးကျောင်း၊ တွံတေးမြို့တွင် အထက- သဝန်းတောကျောင်း၊ မှော်ဘီမြို့နယ်၌ အထက-ညောင် နှစ်ပင်နှင့် လှည်းကူးမြို့နယ်တွင် အထက-ငါးဆူတောင်ကျောင်းတို့၌ တွဲဖက်သင်ကြားခွင့်ရရှိလျက်ရှိသည်။ ယခု ကျောင်းဖွင့်ရာသီတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး သက်မွေးပညာကဏ္ဍသစ် တစ်ရပ် အနေဖြင့် ပြောင်းလဲဖွံ့ဖြိုးမှု၏ လင်းရောင်ခြည်များဖြစ်ပြီး အဆိုပါ ဘာသာရပ် များကို တွဲဖက်သင်ကြားခွင့်ရရှိကြသည့် ကျောင်းသား ကျောင်းသူ တို့၏ မျက်ဝန်းကိုယ်စီ၌ ဝမ်းသာ ကြည်နူး မှုပုံရိပ်များ ယှက်သန်းဝေဆာ လျက်ရှိသည်။

တွေ့ဆုံမေးမြန်း-ဝင်း/ညိမ်း(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး



No comments:

Post a Comment