၁။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်နှင့်အညီ ပုဒ်မ ၄၃၊ ၄၄ တို့အရ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ မှ ၂၀၂၃ ခုနှစ်၊ မေလအတွင်း အကျဉ်းထောင် ၅၄ ခု၊ အကျဉ်းစခန်း ၃၈ ခု၊ ဘိုးဘွားရိပ်သာ၊ မသန်စွမ်းကျောင်းနှင့် လူငယ်သင်တန်းကျောင်း ၂၆ ခု တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂။ ထိုကဲ့သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင် ထိန်းသိမ်းစောင့်ရှောက်ထားသော အကျဉ်းသား၊ အကျဉ်းသူများမှ ပညာဆက်လက်သင်ယူလိုကြောင်း တင်ပြသည့် အကျဉ်းသား/သူများကို ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂၆ တွင် “လူတိုင်းပညာသင်ကြားခွင့်ရှိသည်” ဟူသော ပြဋ္ဌာန်းချက်အတိုင်း ပညာဆက်လက် သင်ယူနိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှ စိစစ်ဆောင်ရွက်ပေးနိုင်ရေး အကြံပြုတိုက်တွန်းချက်များ ပေးပို့ ခဲ့ပါသည်။
၃။ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသူဦးရေ ၁၆၁၈၅၀ ရှိပြီး အောင်မြင်သူ ၁၀၉၈၅၁ ဦးရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။
၄။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ၁၀ ဦး၊ မန္တလေးဗဟိုအကျဉ်းထောင်မှ ၂၉ ဦးနှင့် အခြားသောတိုင်းနှင့်ပြည်နယ်များရှိ အကျဉ်းထောင် ၆ ခု တို့မှ ဖြေဆိုအောင်မြင် သူ ၅ ဦး၊ စုစုပေါင်း ၄၄ ဦး အောင်မြင်ပြီး ယင်းအောင်မြင်မှုတွင် ၅ ဘာသာ ၅ ဂုဏ်ထူးရှင် ၁ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၇ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၆ ဦးတို့ ထူးချွန်စွာအောင်မြင်ခဲ့ကြောင်းနှင့် ဖြေဆိုသည့် အကျဉ်းသားအားလုံး၏ အောင်မြင်မှုရာခိုင်နှုန်း ၉၁.၆၇% ရှိကြောင်း သိရှိရသည့်အတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ အကျဉ်းသား၊ အကျဉ်းသူများ၏ ပညာသင်ကြားခွင့် အခွင့်အရေး ဆက်လက်ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားပါရန် စဉ်ဆက်မပြတ်တိုက်တွန်းသွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
No comments:
Post a Comment