မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားနိုင်ငံရေးသည် သမိုင်းရှည်ကြာဖြစ်ပေါ်ခဲ့သော မြန်မာ့နိုင်ငံရေး၊ ပထဝီနိုင်ငံရေးအခြေအနေပေါ်တွင်မူတည်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သမိုင်းနှင့် ချီ၍ဖြစ်ပေါ်ခဲ့သည့် အကြောင်းတရားအပေါ်မူတည်၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါး ကိ တပ်မတော်က ထိန်းသိမ်းကာကွယ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်
တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးခန့် ဒေသအလိုက်၊ လူမျိုး အလိုက် ရပ်တည် နေထိုင်လျက်ရှိသည်။
အသွင်အပြင်၊ လက္ခဏာ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ တူညီမှုမရှိဘဲ ကွဲပြား ခြားနားသည်။
တောင်တန်း၊ ပြည်မဒေသများ၏ ရေ၊ မြေသဘာဝ၊ ရာသီဥတု၊ လမ်းပန်းဆက်သွယ်မှု၊ ပညာသင်ကြားမှု၊
ကူးလူးဆက်ဆံမှုများမတူညီသဖြင့် တစ်ပြေးညီဖြစ်တည်နေခြင်းမရှိပေ။ သက်ဦး ဆံပိုင် ဘုရင်စနစ်ကျင့်သုံးစဉ်က
ဩဇာသက်ရောက်မှုအပေါ်မူတည်၍ ကွဲပြားခြားနားမှုရှိခဲ့သည်။ ကိုလိုနီစနစ်ကျင့်သုံးစဉ်ကလည်း
တောင်တန်း၊ ပြည်မခွဲခြားအုပ်ချုပ်သဖြင့် ကွာခြားမှုရှိခဲ့သည်။ လွတ်လပ်ရေးရပြီးကာလတွင်လည်း
ဝါဒစွဲ၊ လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် ကွဲပြားခြားနားမှုများ ဖြစ်ပေါ်ခဲ့သည်။
လွတ်လပ်ရေးရရှိပြီး
ပါလီမန်ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့သည့် ကာလများတွင်လည်း
နိုင်ငံရေးအယူအဆ ကွဲပြားခြားနားမှုများနှင့် အဖျက်အမှောင့် အနှောင့်အယှက်အမျိုးမျိုးတို့ကြောင့်
တိုင်းပြည်တွင် အန္တရာယ်အမျိုးမျိုး ကျရောက်ခဲ့သည်။ အခက်အခဲအကျပ်အတည်းအမျိုးမျိုးနှင့်
ကြုံတွေ့ခဲ့ရသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တပ်မတော် အစိုးရတာဝန်ယူခဲ့ပြီး ပြည်သူလူထု၏
ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးနိုင်ရေး လမ်းခင်းပုံဖော်ပေးခဲ့သည်။ ဒီမိုကရေစီလမ်းကြောင်းသို့
သွားနိုင်ရေးအတွက် ဈေးကွက်စီးပွား ရေးစနစ်ကိုပုံဖော်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို
မြေတောင်မြှောက်ပေးခဲ့သည်။
၂၀၁၀
ပြည့်နှစ်တွင် ပထမအကြိမ် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ပြီး အနိုင်ရသည့်
ဒီမိုကရေစီအစိုးရနှင့်တပ်မတော်တို့ လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ်
ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီစနစ်တွင် တပ်မတော်အနေဖြင့် ဖြတ်သန်းလာခဲ့သော နိုင်ငံရေး
အတွေ့အကြုံအရ ဖြစ်သင့်ဖြစ်ထိုက်၊ လုပ်သင့်လုပ်ထိုက်သည်များကို အစိုးရအား အကြံဉာဏ် ပေးခြင်း၊
ကူညီခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှုအားနည်းသည်ကို တွေ့ရသည်။
ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်တွင်လည်း အခက်အခဲကြုံတွေ့နေသည့် အစိုးရကို တပ်မတော်က ကူညီဖြေရှင်းပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတမှုရှိသည့်
ရွေးကောက်ပွဲဖြစ်ရန် အရေးကြီးသည်ဟု အကြိမ်ကြိမ် ပြောကြားခဲ့သော်လည်း မရိုးမသားသော နည်းများဖြင့်
ရွေးကောက်ပွဲအနိုင်ရရှိရေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
မဲစာရင်းကွဲလွဲမှုများကို
ဖြေရှင်းပေးရန် တပ်မတော်က အကြိမ်ကြိမ်ပြောကြား သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင်
အတည်ပြုနိုင်ခြင်းမရှိသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကို
အဓမ္မရယူရန် လုပ်ဆောင်ခဲ့သောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တပ်မတော်က နိုင်ငံတော်တာဝန်များကို
ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ ရသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ပြည်သူတို့လိုလားသော
ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက်သာဖြစ်ပြီး တပ်မတော်အနေဖြင့် အဆိုပါလမ်းကြောင်းမှ
သွေဖည်သွားမည် မဟုတ်ပေ။ တိုင်းပြည်တည်ငြိမ်ရေးကို ဥပဒေနှင့်အညီ ထိန်းထိန်း သိမ်းသိမ်း
ဆောင်ရွက်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်များ ကို ထမ်းဆောင်နေခြင်းဖြစ်သည်။
“တပ်မတော်သားများသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်
နေသူများ၊ အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်နေသူများဖြစ်သည့်အတွက် ခေတ်အဆက်ဆက် နိုင်ငံ၏သမိုင်းကို
မှန်မှန်ကန်ကန်သိရှိရန် လိုအပ်ကြောင်း၊ အမျိုးသားနိုင်ငံရေးနှင့် အမျိုးသား အကျိုးစီးပွားကို
ဆောင်ရွက်ရာတွင် နိုင်ငံ၏သမိုင်းကြောင်းကို မှန်မှန်ကန်ကန် သိရှိထားမှသာ မိမိတို့၏
အမျိုးသားနိုင်ငံရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့
အနေဖြင့် နိုင်ငံ၏သမိုင်းကြောင်းမှ သင်ခန်းစာများကို ဖော်ထုတ်ပြီး နိုင်ငံအကျိုးအတွက်
ဆောင်ရွက်ရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၁၆ ရက်နေ့တွင်
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရုံး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိငယ်များအား
ပြောကြားခဲ့ သည်။
သို့ဖြစ်ရာ
တပ်မတော်သည် သမိုင်းနှင့်ချီ၍ ဖြစ်ပေါ်လာခဲ့သည့် မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားနှင့်
အမျိုးသားနိုင်ငံရေးကို အကြောင်းပြုသည့် ဒို့တာဝန် အရေးသုံးပါးကို ထာဝစဉ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိပြီး
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ နောက်ဆုံးအချက်ကို မဖြစ်မနေ
အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို
ဦးတည်ကြိုးပမ်းနေပါကြောင်း။ ။
No comments:
Post a Comment