Sunday, June 11, 2023

(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲ‌မှ‌ ပြန်လည်‌ရောက်ရှိလာ‌သော အောင်ပွဲရမြန်မာမသန်စွမ်းအားကစားအဖွဲ့အား ကြိုဆို

 


ရန်ကုန် ဇွန် ၁၀

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ တွင် ဇွန် ၃ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရွှေ ၁၅ ခု၊ ငွေ ၂၂ ခု၊ ကြေး ၁၉ ခု စုစုပေါင်း ဆုတံဆိပ် ၅၆ ခု ဆွတ်ခူးရရှိခဲ့‌သော မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယ‌နေ့ညပိုင်းက မြန်မာအမျိုးသား‌ လေကြောင်းလိုင်းစင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်‌ရောက်ရှိလာရာ ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ တိုင်း‌ဒေသကြီးဝန်ကြီး များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာ သိပ္ပံ (ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများ၊ အားကစားသမားများ‌၊ မိဘ‌ဆွေမျိုးများ‌က‌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ‌ လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါပြိုင်ပွဲမှ ပြန်လည်‌ရောက်ရှိလာ‌သော မြန်မာမသန်စွမ်း အားကစားအဖွဲ့‌တွင် အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဗိုလ်ချုပ် လှမိုး၊ ဒုတိယ ဥက္ကဋ္ဌများ၊ နည်းပြ၊ အုပ်ချုပ်သူ ၄၄ ဦး၊ အားကစားသမား ၈၂ ဦး စုစုပေါင်း ၁၂၆ ဦး ပြန်လည်လိုက် ပါလာကြသည်။

 ယင်းပြိုင်ပွဲတွင် မြန်မာမသန် စွမ်းသူများ အားကစားအဖွဲ့သည် ရေကူးအားကစားနည်းမှ ရွှေ တံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၃ ခု၊ ကြေးတံဆိပ် ၁၀ ခု၊ ပြေးခုန်ပစ် အားကစားနည်းမှရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်‌ခြောက်ခု၊ ကြေးတံဆိပ်‌လေးခု၊ စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ်နှစ်ခု၊ အလေးမအားကစားနည်း မှ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် နှစ်ခု၊ မျက်မမြင် Goalball ကစားနည်းမှ ကြေးတံဆိပ်တစ်ခုဆွတ်ခူးခဲ့ပြီး နိုင်ငံအလိုက် အဆင့်‌ခြောက် ရရှိခဲ့ကြောင်းသိရသည်။

အာကာစိုး

No comments:

Post a Comment