နေပြည်တော် ဇွန် ၁၃
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့နေ့လယ်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရသေ့တောင်တပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ထိုသို့ဖျော်ဖြေတင်ဆက်ရာတွင် စစ်သည်/စစ်သမီးများက မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်း အဆို/အကများ၊ တေးသရုပ်ဖော် အကများ၊ ရယ်ရွှင်ဖွယ်ရာ ဟာသပြဇာတ်၊ ဒေသ၏ရိုးရာယဉ်ကျေးမှု အကအလှများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာအသိပညာပေး အစီအစဉ်များဖြင့် ကဏ္ဍစုံလင်စွာ သီဆိုကပြဖျော်ဖြေကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ရသေ့တောင်တပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ၊ အရာရှိ/ စစ်သည်/ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ကြည့်ရှုအားပေးကြသည်။ ထိုကဲ့သို့ သီဆိုကပြဖျော်ဖြေသော စစ်သည်/ စစ်သမီးများအား ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်တိုင်းမှူးတို့က ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment