မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၊ ရှားပင်လှအုပ်စု၊ သြဇာကုန်းကျေးရွာတွင် မကွေးမြို့နေ ဦးထွန်းသန်း၊ ဇနီး ဒေါ်စိန်စိန် မိသားစုတို့က လှူဒါန်းသည့် စာသင်ကျောင်းဆောင်အပါအဝင် စာသင်ကျောင်းတစ်ကျောင်းတွင် ရှိသင့်သော ရေ၊ မီး၊ သန့်စင်ခန်းနှင့် ဆက်စပ်အဆောက်အအုံများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သြဇာကုန်း ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင် ဦးထွန်းသန်းနှင့် မိသားစုဝင်များ၊ သြဇာကုန်းကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ
မကွေးမြို့နယ် သြဇာကုန်းကျေးရွာ ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွန့်၊
လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးပညာရေးမှူး
ဦးသက်လေးဦးနှင့် ကျောင်းအလှူရှင် ဦးထွန်းသန်းနှင့် ဇနီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊
အကြီးအကဲများက ကျောင်းဆောင်သစ်ကဗ္ဗည်းမော်ကွန်းစာအား အမွေးနံသာရည်ဖြင့် ပက်ဖျန်းပေးခဲ့သည်။
ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ်အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သြဇာကုန်းကျေးရွာမှာ ကိုယ်ထူကိုယ်ထစာသင်ကျောင်းအဖြစ်သာ ရှိနေသော အခြေအနေကို အလှူရှင်က တစ်ကြိမ်တည်းဖြင့် ယခုကဲ့သို့ ပြည့်ပြည့်စုံစုံ လှူဒါန်းသည့်အတွက် ကျေးရွာအတွက်၊ မြို့နယ်အတွက်၊ တိုင်းဒေသကြီးအတွက်သာမက နိုင်ငံတော်အတွက်ပါ အကျိုးရှိပါကြောင်းနှင့် ပညာခေတ်တွင် ပညာရှာနိုင်ရန် ကျောင်းရှိလာပြီဖြစ်ကြောင်း၊ ကလေးများအနေဖြင့် အိမ်နှင့် အနီးဆုံးတွင် ပညာရှာနိုင်သော အခွင့်အလမ်းများ ရှိလာပြီဖြစ်သည့်အတွက် မိဘများကို ကျောင်းထားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ အလှူရှင်မှ ကျောင်းဝိုင်းမြေမှ သန့်စင်ခန်းအထိ လှူဒါန်းမှုစုစုပေါင်းမှာ ကျပ်သိန်းပေါင်း (၆၃၀)ကျော်ရှိ၍ ကျေးရွာသူ၊ ကျေးရွာသားများကလည်း ရေရှည်တည်တန့်အောင် ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်ပေးဖို့ ပြောကြားလိုကြောင်း၊ ယခုအချိန်မှာ ကျောင်းသားအင်အားမှာ နည်းနေသေးသော်လည်း တဖြေးဖြေးဖြင့် ကျောင်းထားနှုန်းနှင့် ကျောင်းနေမြဲနှုန်း တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းအစိုးရအနေဖြင့်လည်း ဆောင်ရွက်သင့်တာမှန်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ အလှူရှင် ဦးထွန်းသန်းက ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းမှု ရည်ရွယ်ချက်၊ တည်ဆောက်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ အလှူရှင် မိသားစုက ကျောင်းနှင့်သက်ဆိုင်သော ပိုင်ဆိုင်မှုများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ကာ၊ တက်ရောက်လာသည့် အကြီးအကဲများထံ ကျောင်းလွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ် အလံများကို ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသည့် ဒေသခံကျေးရွာသူ၊ ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးဆိုင်ရာများ တင်ပြစေပြီး၊ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ
No comments:
Post a Comment