Friday, June 16, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးအားကစားအောင်နိုင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃)သို့ တက်ရောက်

 

မကွေး ဇွန် ၁၆

၂၀၂၃-ခုနှစ်၊ တိုင်းဒေသကြီးအားကစားအောင်နိုင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃)ကို ယမန်နေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အားကစားအောင်နိုင်ရေးကော်မတီနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအားကစားအောင်နိုင်ရေးကော်မတီ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအားကစားအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဆွေဝင်း၊ အတွင်းရေးမှူး ဦးသန်းအောင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က “အားကစားဆိုတာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်နှလုံးကို ဆွဲဆောင် သိမ်းသွင်းနိုင်ခြင်း၊ အမျိုးဂုဏ် ဇာတိဂုဏ်နဲ့ နိုင်ငံ့ဂုဏ်ကို ဆောင်ကာ အမျိုးသားရေး စိတ်ဓါတ်တွေ ပိုမိုခိုင်မာ ထက်သန်လာစေနိုင်ပြီး ယှဉ်ပြိုင်မှုတိုင်းမှာ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓါတ်ခိုင်မာတဲ့ စိတ်ဓါတ်တွေကို ဖြစ်ပေါ်လာစေနိုင်တဲ့အတွက် အားကစားကဏ္ဍဟာ နိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေလို့ နိုင်ငံတော်အကြီး အကဲများဟာ အထူးအရေးပေး ချီးမြှင့်မြှောက်စားနေတာကို အားလုံးလဲသိကြမှာပါ၊ အလားတူ အားကစားအောင်မြင်မှုတွေဟာ အခုရေတွင်းတူး အခုရေကြည်သောက်ချင်လို့မရပဲ စနစ်တကျ နည်းမှန်၊ လမ်းမှန်နဲ့ ရေတို/ရေရှည်စီမံကိန်းများချမှတ်ပြီး အဆင့်လိုက်ဆောင်ရွက်သွားမှသာ အောင်မြင်မှုများ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် မကွေးတိုင်းဒေသကြီးဟာ ရေခံမြေခံနဲ့ လူ့စွမ်းအားအရင်းအမြစ် ပေါများတဲ့အတွက် အစီအမံနဲ့ အကြံဉာဏ်များ ကောင်းရင်ကောင်းသလို မအောင်မြင်စရာ အကြောင်းမရှိပါဘူး၊ ဒါကြောင့် တက်ရောက်လာကြသူအားလုံးက မကွေးတိုင်းဒေသကြီးအားကစား အောင်နိုင်ရေး ဘယ်လိုတွေလုပ်လိုက်ရင် ဘယ်လိုပြောင်းလဲသွားနိုင်မယ်ဆိုတာ အားကစားကွင်း/ အားကစားရုံများအပိုင်း၊ အားကစား အထောက်အကူပြုပစ္စည်းများအပိုင်း၊ ကော်မတီအလိုက် ဖြည့်ဆည်းဆောင်ရွက်ရမည့်အပိုင်း၊ မျိုးဆက်သစ်အားကစားသမားများ ရှာဖွေမွေးမြူရေးအပိုင်း စသည်ဖြင့် အပိုင်းလိုက်ခွဲခြမ်း စိတ်ဖြာပြီး အကြံပြုဆွေးနွေးပေးဖို့လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအားကစားအောင်နိုင်ရေးကော်မတီနာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအားကစားအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဆွေဝင်းတို့က မကွေးတိုင်းဒေသကြီး အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ အမှာစကားများပြောကြားပြီး၊ တိုင်းဒေသကြီးအားကစားအောင်နိုင်ရေးကော်မတီအတွင်းရေးမှူး ဦးသန်းအောင်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအား ဖတ်ကြားတင်ပြခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အားကစားအောင်နိုင်ရေးကော်မတီဝင်များမှ တိုင်းဒေသကြီး အားကစားအောင်နိုင်ရေးအတွက် ကဏ္ဍအလိုက်အသီးသီး အကြံပြု ဆွေးနွေးဆောင်ရွက်ကာ၊ ဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ

No comments:

Post a Comment