Friday, June 9, 2023

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ ကပြသီဆိုဖျော်ဖြေ

 

နေပြည်တော် ဇွန် ၈

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းတိုက်ခတ်သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့ညနေပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အမှတ်(၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးများက အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထိုသို့ ဖျော်ဖြေတင်ဆက်ရာတွင် စစ်သည်၊ စစ်သမီးများက မြန်မာသံစဉ်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်း အဆို၊ အကများ၊ တေးသရုပ် ဖော်အကများ၊ ရယ်ရွှင်ဖွယ်ရာဟာသပြဇာတ်၊ ဒေသ၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ မျက်လှည့်ပြကွက်များ၊ ဗဟုသုတဖြစ်ဖွယ်ရာ အသိပညာပေး အစီအစဉ်များဖြင့် ကဏ္ဍစုံလင်စွာ သီဆိုကပြဖျော်ဖြေကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ပျော်ရွှင်စွာကြည့်ရှု အားပေးကြသည်။ ထိုကဲ့သို့ သီဆိုကပြဖျော်ဖြေသော စစ်သည်၊ စစ်သမီး များအား ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment