နေပြည်တော် ဇွန် ၁၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိ မြို့နယ် ရှာစေးဖိုကျေးရွာအနီးရှိ စပါးသားတက် ဆင့်ပွားစိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေးစိုက်ခင်း ၃ ဒသမ ၆ ဧကတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုကို လာရောက်လေ့လာကြည့်ရှုသည့် မြို့နယ် ရှစ်မြို့နယ်မှ စပါးစိုက်တောင်သူ ၃၀၀ ကျော်နှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။
သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း
ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စပါးသားတက်ဆင့်ပွား နည်းပညာသရုပ်ပြ စိုက်ခင်း များအနေဖြင့် စိုတစ်လှည့် ခြောက်တစ်လှည့် စိုက်ပျိုးရေပေးဝေသည့် (Alternate Wet and Dry) စနစ်ဖြင့်် စပါးပင်၏ ရေလိုအပ်ချက်ကို တွက်ချက်၍ လိုအပ်သလောက်သာ ရေပေးဝေသည့် နည်းစနစ်ကို အသုံးပြုပြီး သရုပ်ပြစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ သီးထပ်စွမ်းအား တိုးတက်မြင့်မားရန် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေကို ချွေတာပြီး လိုအပ်သလောက် သုံးစွဲနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် “မျိုး၊ မြေ ၊ ရေ ၊ နည်း” လေးမျိုးသည် အဓိကလိုအပ်ချက်များဖြစ်ကြောင်း၊ အထွက်တိုးသည့် မျိုးကောင်းမျိုးသန့်များ၊ ခေတ်မီ စက်ကိရိယာများ၊ စိုက်ပျိုးရေရယူသည့် စနစ်များနှင့် စိုက်ပျိုးနည်းပညာများကို အသုံးပြုပြီး တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးပါက အထွက်နှုန်းများတိုးတက်ပြီး တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာဖြင့် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများ အနေဖြင့် လေ့လာမှတ်သားပြီး သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စိုက်ပျိုးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ နေပြည်တော်စက်မှု လယ်ယာဦးစီးဌာနနှင့် နေပြည်တော်စိုက်ပျိုးရေး ဦးစီးဌာနများမှ တာဝန်ရှိသူများက စပါးသားတက် ဆင့်ပွားစိုက်ပျိုးနည်းပညာများ၊ စိုက်ပျိုးနည်း စနစ်နှင့် အကျိုးကျေးဇူးများ၊ စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြပညာပေး စိုက်ခင်းဆောင်ရွက်ခဲ့မှု၊ စက်မှုလယ်ယာစနစ် အသုံးပြုမည့်အခြေအနေ၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရှစ်မြို့နယ်မှ တောင်သူများ သည် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေးစိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြပြီး တောင်သူများက စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
တောင်သူများအားဖြန့်ဝေ
အဆိုပါ စပါးသားတက်ဆင့်ပွားနည်းပညာသည် ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး မြေသြဇာများစနစ် တကျအသုံးချနိုင်လျှင် မိခင်အပင်၏ အထွက်နှုန်းနှင့် ကွာခြားမှုမရှိသော အထွက်နှုန်းရရှိနိုင်ခြင်း၊ မိခင် အပင်ထက်သက်တမ်းတိုးခြင်းကြောင့် တစ်နှစ်လျှင် သုံးသီးလွယ်ကူစွာ စိုက်ပျိုးနိုင်ခြင်း၊ ပျိုးခင်းပြင်ဆင် ခြင်း၊ ကောက်စိုက်ခြင်း၊ မျိုးဝယ်ယူခြင်း၊ လုပ်အားခနှင့် စိုက်ပျိုးရေအသုံးပြုမှုများ လျှော့ချနိုင်ခြင်း၊ မီသိန်းဓာတ်ငွေ့ထွက်ရှိမှုကို လျှော့ချနိုင်သဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်နိုင်ခြင်း၊ သားတက်မျိုးစေ့သည် မိခင်ပင်ကဲ့သို့ မျိုးကောင်းမျိုးသန့်ကို ရရှိနိုင်သဖြင့် တောင်သူများဝင်ငွေ တိုးတက်ရရှိစေခြင်း စသည့်အကျိုးကျေးဇူးများရရှိကြောင်းနှင့် စိုက်ပျိုးနည်းစနစ်ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တောင်သူများအား ဖြန့်ဝေပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ထုတ်ကုန်တိုးမြှင့်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် MSME အသင်း၊ နေပြည်တော် ဆန်၊ ဆီ၊ စားသောက်ကုန်၊ ရေသန့်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်များ လျှော့ချမှုနှင့် ပတ်သက်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သဘာဝမြေဩဇာများ အသုံးပြုရေး၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်၍ တိရစ္ဆာန်များမှထွက်ရှိသည့် စွန့်ပစ် ပစ္စည်းများဖြင့် ဇီဝမြေဩဇာများ အသုံးပြုနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ကုန်စည်ဒိုင်များကို ကြပ်မတ်ဆောင်ရွက်ရန်နှင့် လိုအပ်သည့် တိရစ္ဆာန် အစာများကို ပြည်တွင်း၌ ပြည့်ပြည့်ဝဝ လုံလုံ လောက်လောက် ထုတ်လုပ်နိုင်ပါက အသား၊ ငါးနှင့်ဥများ ဈေးနှုန်းကြီးမြင့်မှုများကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်အောင်ဆောင်ရွက်သွားရန်၊ ကုန်ထုတ်လုပ်သူများအနေဖြင့် အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးသွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးတို့နှင့်ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment