နေပြည်တော် ဇွန် ၁၃
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေတပ်နယ်၊ ကန်စောက်တပ်နယ်နှင့် ကျောက်တော်တပ်နယ်တို့ရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော နယ်မြေခံတပ်မတော်သားများ၊ တပ်မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊ အိမ်ဆောက်ပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ရိုက်တာများ အသင်းချုပ် MLCA၊ MLCP အများပိုင်ကုမ္ဗဏီလီမီတက်၊ မြန်မာ-အိန္ဒိယ- တရုတ်ချစ်ကြည်ရေးနှင့်် စီးပွား ဖွံ့ဖြိုး တိုးတက်ရေးအသင်း (MICA) နှင့် ဘာသာစုံမိတ်ဆွေများမှ ရက် ၃၀ စတုဒိသာ အလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ်လှူဒါန်းသော သီးစုံဒံပေါက်ထမင်းဘူးများကို ထောက်ပံ့ပေးအပ်ပြီး မိသားစုဝင်များ၏ တင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များက ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ၊ ဝမ်းပျက်/ဝမ်းလျောရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သတ်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားကာ သီးစုံဒံပေါက် ထမင်း ဟင်းလျာဘူးများ ပေးဝေလှူဒါန်းကြသည်။ ယင်းနောက် စစ်တွေမြို့၊ နယ်မြေခံတပ်တွင် ရက် ၃၀ စတုဒိသာ အလှူတော်အစီအစဉ်ဖြင့် လှူဒါန်းမည့် သီးစုံဒံပေါက်ထမင်းဘူးများ ချက်ပြုတ်ပြင်ဆင်ထုတ်ပိုး နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment