နေပြည်တော် ဇွန် ၂၆
စွမ်းဆောင်ရည်မြင့်မားသော ဘွိုင်လာစစ်ဆေးရေးမှူးများဖြစ်လာစေရန်၊ ဘွိုင်လာဥပဒေနှင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန်၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာရှိ ဘွိုင်လာနှင့်ပတ်သက်သည့်စံများကို သိရှိနားလည်စေရန်၊ ဘွိုင်လာဆိုင်ရာ နည်းပညာများကို သိရှိနားလည်လာစေရန်၊ လုပ်ငန်းကျွမ်းကျင်သော ဘွိုင်လာစစ်ဆေးရေးမှူးများ တိုးပွားလာသည်နှင့်အမျှ စက်မှုလုပ်ငန်းများတွင် ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဘွိုင်လာများကို စွမ်းဆောင်ရည်ပြည့် သုံးစွဲနိုင်စေရန်ရည်ရွယ်၍ ဘွိုင်လာစစ်ဆေးရေးမှူးများ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ ပြုလုပ်သည်။
ဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဂဟေအင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းတို့မှ ဒုတိယဥက္ကဋ္ဌများ၊ ဘွိုင်လာကျွမ်းကျင်ပညာရှင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသည့်ဧည့်သည်များ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဘွိုင်လာသည် ပေါက်ကွဲစေတတ်သည့် စက်ပစ္စည်း အမျိုးအစားဖြစ်ပြီး အန္တရာယ်ဖြစ်နိုင်သည့်အတွက် ဘွိုင်လာစစ်ဆေးရေးမှူးများသည် စစ်ဆေးခြင်း ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်း (Inspection Service) နှင့် စစ်ဆေးခြင်း အတွေ့အကြုံ (Inspection Experience) တို့ ပြည့်စုံကျွမ်းကျင်မှသာ ဘွိုင်လာများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အသုံးပြုနိုင်အောင် စစ်ဆေးဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ အလေးထားလေ့လာမှတ်သားကြရမည်ဖြစ်ကြောင်း၊ ဘွိုင်လာစစ်ဆေးရေးမှူးများသည် ဘေးအန္တရာယ်ကင်းရှင်းရေးသာမက နိုင်ငံတော်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သင်တန်းမှပို့ချပေးသည့် ဘာသာရပ်များကို စိတ်ဝင်တစားဖြင့် ကြိုးစားလေ့လာသင်ယူကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘွိုင်လာစစ်ဆေးရေးလုပ်ငန်းနှင့်ပတ်သက်သည့် ကိုးကား စာအုပ်များ၊ သင်တန်းဆိုင်ရာအထောက်အကူပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းကိရိယာတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ဘွိုင်လာစစ်ဆေးရေးမှူးများ သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို ရက်သတ္တလေးပတ်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ စက်မှုဝန်ကြီးဌာန၊ ဘွိုင်လာစစ်ဆေးရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် စက်မှုအင်ဂျင်နီယာဘွဲ့ရ အရာထမ်းသစ် ၁၀ ဦးနှင့် ဘွိုင်လာစစ်ဆေးရေးမှူး ၄ ဦး စုစုပေါင်း သင်တန်းသား ၁၄ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment