Tuesday, June 27, 2023

“လူငယ်နှင့်အဂတိ” လူငယ်စကားဝိုင်း ကျင်းပ

နေပြည်တော် ဇွန် ၂၆

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပျဉ်းမနားမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ ကော်မရှင်အဖွဲ့ဝင်နှင့် ကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အဆိုပါစကားဝိုင်းတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ယနေ့လူငယ်များသည် အနာဂတ်တွင် လူကြီးများဖြစ်လာမည့်အတွက် ယခုကစ၍ ပညာအခြေခံကောင်းပြီး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်မှသာ မျိုးဆက်သစ်များအတွက်ကောင်းမွန်သည့် အသိုက်အဝန်းတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် အဂတိတရား လေးပါးနှင့် သက်ဆိုင်သည့် ကျင့်ဝတ်လိုက်နာရန် အရေးကြီးသကဲ့သို့ ဖြောင့်မတ်တည်ကြည်မှုရှိရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးသင်ခန်းစာများကို အခြေခံပညာအထက်တန်း Grade-11 အထိ သင်ကြားနိုင်ရေးအတွက် သင်ခန်းစာများ ထည့်သွင်းရေးဆွဲထားပြီးဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် ကျောင်းသားလူငယ်များ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို နေပြည်တော်နှင့် ကော်မရှင်ရုံးခွဲများတည်ရှိသည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ (မူလ တန်းနှင့် အလယ်တန်း) အဆင့် ကျောင်းသား ကျောင်းသူများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများကို ဆွေးနွေးပို့ချလျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး သင်ခန်းစာများကို စိတ်ဝင်တစား ကြိုးစားသင်ယူပြီးရရှိလာသည့် အသိပညာဗဟုသုတများကို မိတ်ဆွေအပေါင်းအသင်းများအား မျှဝေပေးစေလိုကြောင်း၊ ဖြောင့်မတ်တည်ကြည်ရန်အတွက် မိမိ ကိုယ်တိုင်က အစပြုလိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ “လူငယ်နှင့်အဂတိ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကိုကျင်းပရာ စေ့စပ်ညှိနှိုင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းလွင်နှင့်အတူ ကျောင်းသား ကျောင်းသူ သုံးဦးတို့က အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် လူငယ်များအနေဖြင့် မည်သို့ပူးပေါင်းဆောင်ရွက်နိုင်မည် စသည့်ကဏ္ဍများကို ဆွေးနွေးကြပြီး တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ကျောင်းသား ကျောင်းသူများက ပြန်လည်ဖြေကြားကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment