Monday, June 26, 2023

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှာဖွေကယ်ဆယ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများ



 

တွေ့ဆုံမေးမြန်း - ဝင်းဝင်း

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC) သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ပေးသည့် ဗဟိုဌာန ဖြစ်ပါသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခု ကို ဖွဲ့စည်းထားရှိပြီး အဆိုပါလုပ်ငန်းကော်မတီများသည် DMC တွင်စုဖွဲ့ကာ မိုခါမုန်တိုင်းနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ်တုံ့ပြန် ဆောင်ရွက် လျက်ရှိပါသည်။ လုပ်ငန်း ကော်မတီ ၁၂ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့်တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

မေး                မုန်တိုင်းမဖြစ်ပွားမီ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို သိလိုပါတယ်။

ဖြေ                မိုခါ ဆိုင်ကလုန်းမုန်တိုင်း မဖြစ်ပွားမီ သတင်းရရှိချိန် (သာမန်အချိန်)ဖြစ်တဲ့ မေလ ၈ ရက်နေ့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center-DMC)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှာ စတင်ဖွင့်လှစ် ခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ကော်မတီအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဗဟိုဌာန(Disaster Management Center - DMC) မှာ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ပြီး တပ်ဖွဲ့ဝင်ရှစ်ဦးနဲ့ ၂၄ နာရီ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မုန်တိုင်းမဝင်ရောက်မီ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ တစ်နိုင်ငံလုံးမှာ စုဖွဲ့ထားရှိမှုအနေနဲ့ တစ်မြို့နယ်မှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တပ်စု တစ်စု၊ အင်အား ၃၅ ဦးစီ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့တော်တွေမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တပ်ခွဲ တစ်ခွဲ၊ အင်အား ၁၁၆ ဦးစီ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် (ရန်ကုန်) မှာ ရှာဖွေကယ်ဆယ်ရေး အထူးအဖွဲ့ တပ်ဖွဲ့ဝင် ၅၀ တို့နဲ့ အသင့်စုဖွဲ့ဆောင်ရွက်ထားရှိခဲ့ပါတယ်။

အရေးကြီးချိန် ဆောင်ရွက်ခြင်း (ကြိုတင်သတိပေးချက်ရရှိချိန်) အနေနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီအနေနဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်း ဒေသကြီးအတွင်းက ဘေးအန္တရာယ် သက်ရောက်နိုင်တဲ့နေရာ တွေမှာနေထိုင်တဲ့ ပြည်သူတွေဘေးလွတ်ရာကို ကူညီ ရွှေ့ပြောင်းပေးခြင်း၊ မုန်တိုင်းဘေးလွတ်ကင်းရာနေရာအဖြစ် သတ်မှတ်ထားတဲ့နေရာ (Shelter) တွေကို သောက်သုံးရေ ပေးဝေလှူဒါန်းခြင်း၊ မုန်တိုင်းအန္တရာယ် ဆော်ဩသတိပေး ဆောင်ရွက်ခြင်း၊ မုန်တိုင်းအန္တရာယ် ကျရောက်ပါက အရေးပေါ်အသုံးပြုနိုင်တဲ့ အသက်ကယ်ပစ္စည်းတွေ အကြောင်းနဲ့ အသုံးပြုပုံနည်းစနစ်တွေ ရှင်းလင်းပြသခြင်းလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

မေး                မုန်တိုင်းကာလ အရေးပေါ်အချိန်အတွင်း ဆောင်ရွက်ရတာတွေကိုလည်း သိလိုပါ တယ်။

ဖြေ               မီးသတ်ဦးစီးဌာနအနေနဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ရာ ဒေသ တွေဖြစ်တဲ့ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မင်းပြား၊ မောင်တော၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ်၊ ချင်းပြည်နယ်မင်းတပ်၊ မတူပီ၊ ဟားခါး၊ ဖလမ်း၊ တွန်းဇံ၊ တီးတိန်နဲ့ ပလက်ဝ မြို့နယ်တွေကို မုန်တိုင်းမဝင်ရောက်မီ မုန်တိုင်း သတင်းတွေ အချိန်နဲ့တစ်ပြေးညီ လိုက်လံကြေညာပေးခြင်း၊ ဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ပျက်စီး ပြိုပျက်နိုင်တဲ့နေရာဒေသတွေက ပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခြင်း၊ မုန်တိုင်း ဝင်ရောက်နေစဉ်ကာလအတွင်း ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခြင်းနဲ့ မုန်တိုင်းဝင်ရောက်ပြီး သုံးနာရီအတွင်း အပျက်အစီးတွေ ရှင်းလင်းခြင်း၊ လမ်းမကြီးတွေ ပိတ်ဆို့ နေမှုကို ရှင်းလင်းခြင်းတို့ကို ရခိုင်ပြည်နယ်အတွင်း မြို့နယ်အလိုက်ဖွဲ့စည်း ထားရှိတဲ့ ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက ချက်ချင်းတုံ့ပြန် ဆောင်ရွက်ပေးခဲ့ပါတယ်။

မေး                ပြန်လည ထူထောင်ရေး ဆောင်ရွက်နေမှုကိုလည်း သိရှိလိုပါတယ်။

ဖြေ                ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဌာနချုပ်(ရန်ကုန်)မှာ အသင့်စုဖွဲ့ထားရှိတဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၄၁၈ ဦးကို မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အပျက်အစီးတွေကို ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ဖို့ မေလ ၁၇ ရက်နေ့က စတင်ပြီး တပ်မတော်ပိုင် လေယာဉ်ငါးစင်းနဲ့ စစ်တွေမြို့ကို စေလွှတ်ခဲ့ပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေက စစ်တွေမြို့ကို ရောက်တဲ့အချိန်မှာ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး ထိခိုက်ပျက်စီးမှု အခြေအနေကို ကနဦး စစ်ဆေးကြည့်ရှုခြင်း၊ အပျက်အစီး တွေကို ဖယ်ရှားရှင်းလင်းခြင်း စသဖြင့် ကူညီဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။

မေလ ၁၈ ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီးက ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ အင်အား ၁၁၆ ဦးကို ပေါက်တောမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးက ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ အင်အား ၁၁၆ ဦးကို ရသေ့တောင်မြို့တို့ကို စေလွှတ်ပြီး ကယ်ဆယ် ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်စေခဲ့ပါတယ်။     

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေ လုပ်ငန်းစဉ် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်က ရိက္ခာနဲ့လုပ်ငန်းသုံးပစ္စည်းတွေ ထောက်ပံ့ ပေးအပ်မှုအနေနဲ့ မေလ ၁၉ ရက်နေ့မှာ လုပ်ငန်းသုံးပစ္စည်း Chain Saw လွှသွား အခု ၁၀၀၊ Plug အခု ၃၀၊ 2T လေးပါကင်၊ Engine Oil ဂါလန် ၅၀၊ ရိက္ခာ ကြက်ဥ အလုံး ၁၀၀၀၊ ကော်ဖီမစ် ပါကင် ၅၀၊ ပေါင်မုန့် အလုံး ၁၀၀၀၊ အချိုရည် ၇၄၄ ဘူး၊ ခေါက်ဆွဲခြောက် တစ်ဖာတို့ကို ပေးအပ်ခဲ့ပါတယ်။

မေလ ၂၁ ရက်နေ့မှာ အပျက်အစီးများပြားတဲ့ စစ်တွေမြို့ကို အင်အားအလုံးအရင်းနဲ့ ရှင်းလင်းရေး ဆောင်ရွက်နိုင်ဖို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်တဲ့ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၄၆ ဦး၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် (ရန်ကုန်)က ရှာဖွေ ကယ်ဆယ်ရေး (အထူး) တပ်ဖွဲ့ဝင် ၁၅ ဦး နေပြည်တော်မီးသတ်ဦးစီးမှူးရုံးက ၃၅ ဦးနဲ့ မွန်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးက ၃၅ ဦး စုစုပေါင်း ၁၃၁ ဦးကို တပ်မတော်လေယာဉ်တွေနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ နေပြည်တော်လေဆိပ်တို့က စေလွှတ်ခဲ့ပါတယ်။

ပေါက်တောမြို့မှာ ရောက်ရှိရှင်းလင်းရေး ဆောင်ရွက်ပြီးစီးခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးက ရှာဖွေ ကယ်ဆယ်ရေးတပ်ခွဲ အင်အား ၁၁၆ ဦး ကို စစ်တွေမြို့ကို ခေါ်ယူအားဖြည့် ဆောင်ရွက်စေခဲ့သလို မေလ ၂၇ ရက်နေ့မှာ ရသေ့တောင်မြို့နယ်မှာ ကယ်ဆယ်ရှင်းလင်းရေး ဆောင်ရွက်ပြီးစီးတဲ့ ပဲခူး တိုင်းဒေသကြီးက ရှာဖွေကယ်ဆယ်ရေး တပ်ခွဲတစ်ခွဲ၊ အင်အား ၁၁၆ ဦးကို ပြန်လည်ခေါ်ယူ ဆောင်ရွက်စေခဲ့ရာ စုစုပေါင်းမီးသတ်တပ်ဖွဲ့ဝင် ၄၉၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးက ပရဟိတ အဖွဲ့ဝင် ၅၀ စုစုပေါင်း ၅၄၉ ဦးနဲ့ ဆောင်ရွက်ခဲ့ပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ် ရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ စေလွှတ်ခဲ့တဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၅၄၉ ဦးက မေလ ၁၇ ရက်နေ့ကနေ ဇွန်လ ၃ ရက် နေ့အထိ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေက ဆေးရုံ/ဆေးခန်း၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဘုရား ပုထိုးစေတီ၊ ဈေး၊ ရပ်ကွက်၊ လမ်း၊ ဌာနဆိုင်ရာအဆောက်အအုံ၊ ဆက်သွယ်ရေးတာဝါတိုင်၊ ပြတိုက်၊ ပန်းခြံ၊ အားကစားကွင်း၊ တက္ကသိုလ်စတဲ့ နေရာတွေကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

တပ်ဖွဲ့ဝင်တွေအနေနဲ့ နေအိမ်အဆောက်အအုံတွေအပေါ်ကို လဲကျပိမိနေတဲ့ သစ်ပင်ကြီးတွေ၊ လမ်းပိတ်ဆို့နေတဲ့သစ်ပင်၊ သစ်ကိုင်းတွေကို Chain Saw တွေ အသုံးပြုပြီး ရှင်းလင်းဖယ်ရှားရသလို လဲကျနေတဲ့ ဓာတ်တိုင်တွေ၊ ပြိုကျနေတဲ့ သံထည်အဆောက်အအုံတွေ၊ တာဝါတိုင်တွေကို Engine Cutter နဲ့ Hydraulic Cutter တွေ အသုံးပြုပြီး သက်ဆိုင်ရာဌာနတွေက ယာဉ်/စက် ယန္တရား အကူအညီနဲ့ ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မီးသတ်သမားတွေ အဓိကအားပြုဆောင်ရွက်ရတဲ့ ပစ္စည်း၊ နည်းပညာကတော့ လိုအပ်တဲ့ ကြိုးချည်နည်းကို အသုံးပြုဆောင်ရွက်ရတာဖြစ်ပါတယ်။ တပ်ခွဲ(၁)ခွဲမှာ ကြိုးအနေနဲ့ ၁၄ ပေ၊ ပေ ၅၀၊ ၁၀၀၊ ၁၀၀ မီတာစတဲ့ ကြိုးအမျိုးအစားစုံ အရေအတွက်စုံနဲ့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ကယ်ဆယ် ရေးဆောင်ရွက်မယ့် မီးသတ်သမား တစ်ယောက်စီမှာ ၁၄ ပေကြိုး ကိုယ်စီ ပါရှိရသလို လက်အိတ်၊ မျက်မှန်၊ လက်နှိပ်ဓာတ်မီး၊ Life jacket၊ Carabiner ကွင်းစတဲ့ အနည်းဆုံးပစ္စည်း ၂၃ မျိုးကို အသုံးပြုဆောင်ရွက်ရတာဖြစ်ပါ တယ်။

မေး               ဖြည့်စွက် ပြောကြားလိုတာရှိရင် ပြောကြားပေးပါ။

ဖြေ                ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း ကော်မတီအနေနဲ့အခုလိုကူညီ ရှင်းလင်းရေးလုပ်ငန်း တွေကို မြန်မြန်ဆန်ဆန် လူအင်အား၊ စက်အင်အား ဖြည့်တင်းဆောင်ရွက်နိုင်ခြင်း၊ တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ငန်းခွင်လိုအပ်ချက်တွေကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေက ဖြည့်ဆည်းပေးခဲ့သလို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း အချိန်နဲ့တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း၊ သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့ ကိစ္စရပ်တွေကို အချိန်နဲ့တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း၊ တပ်ဖွဲ့ဝင်တွေ အင်အားပြည့်ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ အစားအသောက် နဲ့ ဆေးဝါး၊ ဝတ်စုံတွေ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် အချိန်တို အတွင်း အင်ပြည့်အားပြည့် ရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့တာဖြစ်လို့ အခုရရှိခဲ့တဲ့ အတွေ့အကြုံအပေါ်မူတည်ပြီး လိုအပ်တဲ့ယာဉ်/စက်၊ ပစ္စည်း ကိရိယာတွေဖြည့်တင်းခြင်းနဲ့ တပ်ဖွဲ့ဝင်တွေ စွမ်းဆောင်ရည် အမြဲပြည့်ဝ =နေစေရေးကို စီမံဆောင်ရွက်သွား မှာဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်။ ။

No comments:

Post a Comment