Sunday, June 18, 2023

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ

 



နေပြည်တော် ဇွန် ၁၈

သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကျောက်တန်းချေကျေးရွာ၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဒေသခံပြည်သူများအား သောက်သုံးရေပေး‌ဝေခြင်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မြို့သစ်တောင်ရပ်ကွက် လမ်းဘေး ဝဲ/ယာရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

No comments:

Post a Comment