Monday, June 5, 2023

အသားကဏ္ဍဖွံ့ဖြိုးလာစေရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

 


နေပြည်တော် ဇွန် ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိက မွေးမြူရေးခြံများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်အဖွဲ့သည် ငါးဆူတောင်ပုဂ္ဂလိက ဝက်မွေးမြူရေးခြံ၏ စပ်မျိုးဝက်သားဖောက်ခြင်း၊ မျိုးဖြန့်ခြင်းလုပ်ငန်းများနှင့် ဝက်ချေးမှ Bio Gas ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အား သုံးစွဲဆောင်ရွက်နေမှု အခြေအနေနှင့် ထောက်ကြံ့ရှိ ကောင်းထက်အဆင့်မြင့်မွေးမြူရေး အစာနှင့်ကုန်ကြမ်း၊ မွေးမြူရေးတိရစ္ဆာန် အစာစပ်စက်ရုံ၊ ဥစားကြက်ပေါက်၊ အသားစားကြက်ပေါက်များ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ကြည့်ရှုအားပေးကြရာ မွေးမြူရေးလုပ်ငန်းရှင် ဦးသန်းထိုက်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက မိသားစုတစ်ပိုင်တစ်နိုင် မွေးမြူခြင်းမှ စီးပွားဖြစ်မွေးမြူထုတ်လုပ်သော လုပ်ငန်းရှင်များပေါ်ထွန်းလာစေရေးအတွက် ဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက လက်တွဲကူညီအားပေးရန် လိုအပ်ချက်များ၊ မွေးမြူထုတ်လုပ်ရောင်းချမှုဆိုင်ရာ တန်ဖိုးကွင်းဆက်တစ်လျှောက် ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ ဇီဝလုံခြုံရေးဆိုင်ရာများနှင့် အာဟာရပြည့်ဝသည့် အသားငါးစားနပ်ရိက္ခာများထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန်အစာကို သင့်တင့်သောစျေးနှုန်းဖြင့် ဖြန့်ဖြူးပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် Myanmar Seafood Liited Co.,Ltd. ၏ အအေးခန်း စက်ရုံနှင့် Ocean Pacific Co.,Ltd. ၏ အအေးခန်းစက်ရုံများ၏ ငါးပုစွန်ပြုပြင်ထုတ်လုပ်၍ ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနေမှုအခြေအနေ၊ အင်းစိန်မြို့နယ်ရှိစိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၏ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက HACCP စနစ် နှင့် ညီညွတ်သည့် ထုတ်ကုန်အရည်အသွေးဖြစ်စေရေး၊ အစားအစာဘေးကင်းလုံခြုံမှုအပေါ် ယုံကြည်မှု ရှိစေရန် ရေထွက်ပစ္စည်း ထုတ်လုပ်မှုများကို နိုင်ငံတကာ၏ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရန်လိုအပ်ချက်များ၊ ဘက်စုံသီးနှံကာကွယ် ရေးစနစ်ကို အခြေခံဆောင်ရွက်၍ အပြည်ပြည်ဆိုင်ရာသီးနှံကာကွယ်ရေး စံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးရေးထွက်ကုန်များကို တင်ပို့တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းများအလိုက် စိစစ် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ပိုးသတ်ဆေးတင်သွင်းထုပ်ပိုး ဖြန့်ဖြူးခြင်းလုပ်ငန်းများအပေါ် တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ထိန်းသိမ်းရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် အစားအစာဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော အသားထုတ်လုပ်မှုတိုးမြှင့်ရေး၊ ပြည်တွင်းအသားစားသုံးမှု ဖူလုံရေးနှင့် ပြည်ပ တင်ပို့မှု တိုးတက်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၏ နည်းပညာအပါအဝင် လိုအပ်ချက်များ ဖြည့်ဆည်းကူညီပေးနိုင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment