Sunday, June 4, 2023

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

 


နေပြည်တော် ဇွန် ၄

သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့်ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌ ရောက်ရှိအခြေပြုလျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဆေးကုသရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ စံပြရပ်ကွက်၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဂူဝကျောင်းတိုက်၌ ကျောင်းဆောင်ပြိုကျနေသဖြင့် ပြန်လည်တည်ဆောက်နိုင်ရေး လိုအပ်သော ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် အမှိုက်များ ရှင်းလင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မုန်တိုင်းသင့်ကျေးရွာများမှ ဒေသခံပြည်သူများအား စားသောက်ရေးအဆင်ပြေစေရန် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ထို့အတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဆေးကုသရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဒေသခံပြည်သူများနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်း(ကျောက်တော်)ရှိ ကျောင်းသား၊ ကျောင်းသူများအား သောက်သုံးရေ ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့နယ်မြေခံဆေးတပ်ရင်း၌ အခြေပြု၍ နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်းကာ ဒေသခံပြည်သူမျာအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment