Saturday, June 24, 2023

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 


နေပြည်တော် ဇွန် ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများ အဖြစ်ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

 

 

 

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများစုပေါင်း၍ အစိုးရရပ်ကွက်ရှိ မင်းပြင်ဝန်ထမ်းအိမ်ရာနှင့် ခရိုင်ဆေးရုံဝန်ထမ်းနေအိမ်လိုင်းခန်းခြံဝန်းတို့အား သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ငါးကျဉ်တောက်- ဘူးသီးတောင်သွား လမ်းမကြီး ဝဲ/ယာ၊ အနောက်ရပ်ကွက် မြို့ဝင်ပန်းခြံနှင့် မေယုလမ်း ဝဲ/ ယာတို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် တောင်ရပ်ကွက်ရှိ ဝေနေယျသုခပရဟိတ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် Gas မီးဖိုများလှူဒါန်းပြီး အဆိုပါကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးစကားပြောကြားသည်။

ထို့အတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ်သောင်းထိုက်ရွှေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ရေတခါးပေါ်တော်မူမဟာကျန်ဘုရားကြီး ကျောက်ရာဇ်ကေကျောင်းတိုက်၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ သံတွဲမြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ်စိုးနိုင်ဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများက မြို့နယ်များသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် သံတွဲသီတဂူမျက်စိဆေးရုံခြံဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ နှစ်ရှည်လေကာပင်များစိုက်ပျိုးပေးပြီး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးသည်။

အလားတူ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဝင်းမောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောင်မင်္ဂလာကန်ဘေး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ခုနှစ် မျိုးစေ့ ထုတ်လုပ်မည်  တောင်သူများထံသို့ မျိုးကောင်းမျိုးသန့်စေ့နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပြီး ကိုင်းကြီးကျေးရွာရှိ တောင်သူ ၁၈ ဦး၏ လယ်မြေ ၆၀ ဧကကို စက်မှုလယ်ယာဦးစီးဌာနက လယ်မြေများအား ထွန်စက် ၄ စီးဖြင့် ထွန်ယက်ပေးနေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment