Sunday, June 25, 2023

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 


နေပြည်တော်၊ ဇွန် - ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိ နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွန်တိုင်ကျေးရွာအုပ်စုရှိ အစိုးရစက်မှု(အထက) ကျောင်းခြံဝန်းအတွင်း၌ပြုလုပ်သော မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက် အားပေးပြီး နယ်စပ်ဒေသ ဂန္ဓာရီလူငယ်ဖွံ့ဖြိုးရေးပရဟိတသင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကာ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး  ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခဲ့သည်။ ထို့ပြင် အဆိုပါ ပရဟိတဘုန်းတော်ကြီးကျောင်းတွင် နေထိုင်လျက်ရှိသော ကျောင်းသူ/ ကျောင်းသားများကို တွေ့ဆုံအားပေးစကားများ ပြောကြားကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ကျွေးမွေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပဒဲကောကျေးရွာရှိ သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးဝန်းအတွင်း၌ ပြုလုပ်သော မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကို တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment