Wednesday, June 7, 2023

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 



နေပြည်တော် ဇွန် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်အဖွဲ့ဝင်များသည် ကျောက်ဖြူမြို့၊ ပိုက်ဆိပ်ရပ်ကွက်ရှိ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး စားရေရိက္ခာများ ထောက်ပံ့ပေး အပ်ခဲ့သည်။

အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် လမ်းမဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ၌ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများကို ပြန်လည်ပြုပြင်ရန်လိုအပ်သော အမိုးသွပ်များ၊ ဆွမ်းဆန်တော်များနှင့် နဝကမ္မအလှူငွေများအား ကျောင်းထိုင်ဆရာတော်များထံ သွားရောက်ဆက်ကပ်လှူဒါန်းသည်။

ထို့အပြင် ကုလားတန်(၃)သင်္ဘောဖြင့် ရောက်ရှိလာသော ဆန်များအား စားသုံးသူရေးရာဂိုဒေါင်သို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကုန်တင်/ကုန်ချလုပ်သားများဖြင့် သယ်ယူပို့ဆောင်နေမှုကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ထို့အတူ တီးတိန်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းကိုကိုနှင့် တာဝန်ရှိသူများသည် ပလက်ဝမြို့အတွင်းရှိ ပျက်စီးသွားသော နေရာများသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တီးတိန်မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ လေဘေးသင့်ကျေးရွာများရှိ ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်၊ မြေပုံမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်စိုးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သည့် ထောက်ပံ့ရေးပစ္စည်းများ လေဘေးသင့်ပြည်သူများထံသို့ အမြန်ရောက်ရှိရေး အစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ စားရေးရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ဖြန့်ဖြူးရေးကော်မတီဝင်များအား ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ မောင်တောမြို့အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော နေအိမ်များအား တည်ဆောက် ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ယာယီတဲများအတွင်း နေထိုင်လျက်ရှိသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် အင်းဒင်ကျေးရွာအုပ်စု၊ အောင်သုခ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ လေဘေးကြောင့် ပြိုလဲပျက်စီးခဲ့သော ကျောင်းတော်ကြီးအား ပြုပြင်နိုင်ရေးလိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ဇွန် ၆ ရက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်နေဝင်းအောင်သည် တာဝန်ရှိသူများနှင့်အတူ ပလက်ဝမြို့၊ ရွာမရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ လေဘေးသင့်ကျေးရွာ(၄၄)ရွာမှ ဒေသခံပြည်သူများ အား ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားသောက်ကုန်ပစ္စည်းများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှပေးအပ်သော Family Kit ၁၄၄ ပုံးတို့အား လေဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment